Wednesday, 22 May 2013

တိမ်တောက်ဆဲ

အသုတ်စုံစားပြီး လက်သည်းကြားကဂျီးကိုရွံနေသမျှ
(သင်ဟာ) ဘယ်တော့မှ လူပီသမှာမဟုတ်ဘူး
ဂွင်(ခွင်) ၊ အကွက်ဆိုတာ ဘာလဲ 
အဖြူကွက်စွန်းထားတဲ့ အနက်ရောင်ပုဆိုးဟာ
နာမ တပ်ခြင်းကိုမသိ အတွက်ဆိုတာကို နားမလည်
သူ့ဝန်ထမ်းရင်း ခါးချိရင်းပဲ ။ 
အကြံအဖန်မဟုတ်တဲ့ ကြံရည်ဖန်ရည်ဟာ
လူတချို့အတွက် 
လိုအပ်တာထက် နည်းလွန်းနေခဲ့သည်။
ဘ၀အလျားတစ်လျှောက် အလင်းမဲ့ခဲ့ပြီးမှတော့
နံရံကျဉ်းတာကို အပြစ်မတင်ချင်တော့ဘူး။
ကျောပိုးထမ်းထားတဲ့အရာအားလုံးကိုလွှင့်ချပြီး
အဝေးဆိုတဲ့အရပ်မှာ တက်စုံကျိုးလို့
တိုးတိုးလာတဲ့ပမာဏတစ်ခုဟာ
တစ်လက်လက်တောက်မယ့် မျက်နှာတစ်ခုအတွက်
တပြက်ပြက်လင်းမယ့် ကြယ်နှစ်ပွင့်အတွက်
တမြေ့မြေ့စားမယ့် အပိုဆာဒါးတွေအတွက်။
In Case ဆိုတဲ့ခေါင်းစဉ်တစ်ခုအောက်မှာ
အသက်တောင်ရဲရဲမရှုဝံ့ခဲ့တဲ့ညတွေ
နာကျင်မှုကြောင့် တောင့်မာနေတဲ့အတွင်းကလီစာတွေ
အသက်ရှုဖို့ မနေ့ကထက်ခက်ခဲလာပြီ ။
ဘ၀ထောင့်စွန်းတစ်နေရာက ကံခေခြင်းဟာ
ခွင့်မလွှတ်တတ်ခြင်းကြောင့်ဆိုရင
အရဆိုတာရှိမှ ခွင့်လွှတ်ခြင်းဘာသာဗေဒကိုသင်ကြားခွင့်ရှိမယ်ထင်ပါရဲ့
မိုးမရွာတဲ့ကောင်းကင်မှာ
အခါးရည်တောင်မရရှာတဲ့ ကံကြီးထိုက်လူသားရယ်
တောင့်ခံထားတဲ့နေ့ရက်တိုင်းမှာ
အားဖြစ်စေမယ့် မေတ္တာတရားတွေရှိတယ်
မြေပြင်မှာစင်းစင်းဝပ်ရရင်တောင် 
မသေခင်အချိန်ထိ လင်းလင်းတောက်ပေးခဲ့မယ်။
အသုတ်စုံစားပြီး လက်သည်းကြားကဂျီးကိုရွံနေသမျှ
(သင်ဟာ) ဘယ်တော့မှ လူပီသမှာမဟုတ်ဘူး 

Tuesday, 21 May 2013

ချစ်တာလည်းကြာခဲ့ပြီ


ရေအလျဉ်ကို အလိုက်သင့်လေး စီးမျောနေသော ငါးကန်သေးသေးလေးထဲက ရွှေငါးပေါက်စနလေးတွေ ငေးကြည့်နေမိသည် ။ ရင်ခုန်ခြင်းလား တွေဝေခြင်းလားအမျိုးအမည်မသိသော ဝေဒနာနဲ့အတူ ရင်ထဲမှာလှိုက်မောလွန်းလှပါသည် ။ ကြိုတင်ပြင်ဆင်ခြင်းများစွာနဲ့အတူ အစပြုခဲ့ပေမယ့် တကယ်တမ်း အကောင်အထည်ဖော်ဖို့ပြင်ဆင်တဲ့အခါ အလွဲလွဲအချော်ချော်ဖြစ်မှာကိုလည်းစိုးရိမ်လွန်းလှသလို အမည်မသိသော ဝေဒနာတွေကိုအလူးအလဲခံစားနေရသလိုပါပဲလား ။

မျက်နှာချင်းဆိုင်ထိုင်လိုက်တော့ ကိုယ်နဲ့ချွတ်စွပ်တူတဲ့ မျက်နှာတစ်ခုကို မြင်ရသည် ။ ဒီလူနှစ်ယောက်ဘာလို့ တစ်မျက်နှာတည်းဖြစ်နေကြလဲ လူတိုင်းတအံတဩပြောကြလေ့ရှိသည်။ ပြောတာများလွန်းတော့လည်းထူးခြားဖြစ်စဉ်လို့ကိုမမှတ်တော့သလိုပဲ ။ တခါတခါတော့ ပြန်ပြောတတ်လေသည် ။

''တို့နှစ်ယောက်က ဖူးစာမှန်လို့ ရုပ်တူတာ"

ဆိုပြီးတော့ပေါ့လေ ။ ချွတ်စွပ်တူတဲ့လူနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ရင်း တစ်ယောက်က စာရွက်လေးတစ်ရွက်ကိုင်လျက် ၊ တစ်ယောက်က ခဲတံလေးတစ်ချောင်းကိုင်လျက်..။ တိတ်ဆိတ်ခြင်းကို ပထမဆုံးဖြိုဖျက်လိုက်တာက ထုံးစံအတိုင်း သူမ ထက်ထက် ရယ်ပဲပေါ့..။

"မောင် နင်နဲ့ငါနဲ့အတူတူနေရင် ဘာလုပ်ကြမှာလဲ"

ထက်ထက်ရဲ့ပထမဆုံး ကပေါက်တိကပေါက်ချာထွက်လာတဲ့စကားကို ရယ်မောရင်းနဲ့ စိုင်းအောင်မြင့်က ပြန်ဖြေလိုက်သည်..။

"နင်နဲ့ငါနဲ့တူတူနေရင်လား..... အတူတူနေရင် အတူတူနေမှာပေါ့ဟာ ..နင်ကလဲ ဘာတွေတွေးနေတာလဲ "

လို့စိုင်းအောင်မြင့်က ပြန်နောက်လိုက်တော့..

"စိုင်းအောင်တင့် နင်ဟာလေ နောက်ပြန်ပြီ ဒီကအကောင်းမေးတာကို "
 ထက်ထက်က ဒေါနဲ့မောနဲ့ပြန်ပြောလိုက်သည်။ မထက်ထက်တို့ စိုင်းအောင်မြင့်ကို စိုင်းအောင်တင့်ဟုခေါ်လျင် ဒေါသဒီဂရီအတော်မြင့်နေသည့်သဘောဖြစ်သည် ။

"ထက်ထက်ရယ် နင်ကလည်း ဒေါနချည်းပဲ..."
 လို့ပြန်နောက်ဖို့လုပ်ရုံပဲရှိသေးတယ်...မယ်ဒေါသ ထက်ထက်ရဲ့ စကားလုံးတွေနဲ့အရင်ဆုံးတိုးပါတော့သည် ။

"မောင်ရယ် နင်ဟာလေ မိန်းမကလည်းလိုချင်သေးတယ် ၊ အခုထိ မျောက်စိတ်ကလည်းမပျောက်သေး ၊ မြောက်ကြွမြောက်ကြွနဲ့ ၊ ဒီလောက်အရေးကြီးကိတ်စ တိုင်ပင်နေတာကိုနောက်နိုင်အားတယ်နော်.. ငါတအားဝမ်းနည်းတာပဲ........"
 အစချီ မထက်ထက်ရဲ့ ဒေါသဓါတ်ပြားဟောင်းကြီးက ထပ်တလဲလဲ ဖွင့်လျက် ။  ထက်ထ်နဲ့သူ့အကြောင်းကိုစဉ်းစားလိုက်ရင် သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းက နှစ်ပေါင်းမနည်းတော့ဘူး ။ တစ်ဦးအပေါ်တစ်ဦး ချစ်ခြင်းနားလည်ခြင်းဆိုတာထက်ကို သူတို့နှစ်ယောက်ရဲ့သံယောဇဉ်က အဆပေါင်းမြောက်မြားစွာပိုပါသေးသည် ။ ရင်ခုန်တတ်စအရွယ် ဆယ်တန်းကျောင်းသားဘဝထဲက မြဲမြဲတွဲလာခဲ့တဲ့လက်နှစ်ဖက်မှာ အသက် နှစ်ဆယ်ကိုကျော်လို့ သုံးဆယ်နားကိုယွန်းတဲ့အထိ နှစ်ပတ်လည်များစွာကို ဖြတ်ကျော်လို့လာခဲ့ပြီးပြီလေ ။ ထက်ထက်အကြောင်းကို သူ အလုံးစုံနားလည်သလို သူ့အကြောင်းကိုလည်း ထက်ထက်တစ်ယောက် သူ့ထက်နီးပါးကိုပိုသိရ်ျနေလေတော့သည် ။

"စိုင်းအောင်တင့် ... ဟေ့ စိုင်းအောင်တင့်........ဟယ် နင်ကလည်း ငါဒီလောက်နင့်ကိုပြောနေတာတောင်အတွေးလွန်နေသေးတယ်..စိတ်ညစ်လိုက်တာနော်..."

ထက်ထက်ရဲ့ အော်သံကြောင့် သူအတွေးလွန်နေရာမှရုတ်တရက် သတိဝင်လာမိသည် ။ခါတိုင်းဝင်းဝင်းစက်စက်ကလေးလှတတ်သော မိထက်မျက်နှာသည်  လငပုတ်ဖမ်းတော့မည့် လမင်းကြီးလို မည်းတူးနေသည်..။ မကြာခင်စိတ်ကောက်တော့မည် ။

" မိထက်...ညီမလေး..မောင့်ကိုစိတ်မကောက်နဲ့နော်.... မောင်က ညီမလေးနဲ့ မောင့်အကြောင်းကိုတွေးနေလို့ပါ...တို့နှစ်ယောက်အတူတူနေရင်လေ....မောင်က ညတိုင်းညတိုင်းသီချင်းဆိုပြမှာဗျာ..... ညီမလေးကြိုက်တဲ့ ဆံပင်ဖွာလန်ကြဲနဲ့ တေလာဆွိသီချင်းတွေကိုလည်းတီးပြမယ်လေ...ညီမလေးလိုက်ဆိုပေါ့နော်... ပြီးတော့ညီမလေးကို ဒီထက်ပိုပြီးလည်းချစ်ဦးမှာ...စိတ်မကောက်နဲ့တော့နော်...."

စိုင်းအောင်တင့်ပဲလေ...အဲဟုတ်ပါဘူး စိုင်းအောင်မြင့်ပဲလေ နှစ်ခါတောင်မချော့လိုက်ရ..သဘောဖြူမအူစင်းကလေးစိတ်ကောက်ပြေသွားပါပြီ ။ ဘာကြောင့်မှန်းမသိ သူ့ထက်လအနည်းငယ် ကြီးချင်တဲ့ ထက်ထက်တစ်ယောက် သူ့ကို ညီမလေးကိုခေါ်ရင် ဘယ်လိုလုပ်ကြိုက်မှန်းမသိ..။ ဟိုး ရည်းစားဖြစ်စတုန်းကဆိုရင် ညီမလေးလို့ခေါ်လိုက်တိုင်း သွားကြီးအဖြီးသားနဲ့ကျေနပ်နေလိုက်တာ ။
သူ့နာမည် စိုင်းအောင်မြင့်ကနေ စိုင်းအောင်တင့်လို့ဖြစ်ရခြင်းကလည်း မိထက် ပယောဂမကင်း ။ ကိုးတန်းတုန်းက မိန်းကလေးမော်နီတာဖြစ်သော ထက်ထက်က ဘုံကထိန်အတွက် ပိုက်ဆံစာရင်းကောက်ရပါသည်။ သူက ကျောင်းသားသစ်ဆိုတော့ သူ့နာမည်ကို အတန်းကလူတွေကလည်းသေချာမမှတ်မိကြ ။ မော်နီတာ မမ မထက်ထက်ကနာမည်လာမေးတော့ သူဖြေလိုက်တာ စိုင်းအောင်မြင့် ဒါပေမယ့် ထက်ထက်နားထဲကြားသွားတာကတော့ မြန်မာကားထဲက သူများသားပျိုသမီးပျိုလေးတွေကိုဖျက်ဆီးတတ်သော...လူကြမ်းမင်းသား စိုင်းအောင်တင့်ရယ်လေ..။ အလှူငွေစာရင်းကို ဆရာမက ပြန်စစ်ပြီး..တစ်တန်းလုံးရှေ့မှာကြေငြာပါသည် ။ တစ်ယောက်ပြီးတစ်ယောက်ခေါ်ရင်းနဲ့... သူ့အလှည့်ကျတော့... ...
" စိုင်းအောင်တင့် ...အလှူငွေတစ်ရာကျပ်."
အတန်းပိုင်ဆရာမ ခွိခနဲတစ်ချက်ရယ်ပြီး ခပ်တည်တည်နေလိုက်ပေမယ် တစ်တန်းလုံးက တဝါးဝါးနဲ့ပွဲကျသွားသည် ။ သူ့နာမည်က စိုင်းအောင်မြင့်ပါ ဆရာမဆိုပြီး တစ်ယောက်တစ်ပေါက်နဲ့ ဝိုင်းအော်ကြတော့  ပိုက်ဆံစာရင်းကောက်တဲ့မိထက်က မျက်နှာငယ်လေးနဲ့..

"သမီးက စိုင်းအောင်တင့်လို့ကြားလို့ပါ ဆရာမ..."
ဆိုပြီး ပြောရှာပါသည် ။ အဲဒီကနေအစပြုပြီး သူ့နာမည်သည် အထက်တန်းကျောင်းပြီးလို့ တက်ကသိုလ်တက်တဲ့အချိန်ထိ စိုင်းအောင်တင့်ဆိုပြီးနာမည်တွင်သွားပါတော့သည်..။ ဘာပဲပြောပြော မိထက်ထက်သည်လည်း မကြာခင်စိုင်းအောင်တင့်ကတော်ဖြစ်လာတော့မှာပဲလေ..။ စိုင်းအောင်တင့်လေသံနဲ့ပဲ ညှင်းညှင်းညှင်းလို့ရယ်လိုက်ရရင် ကောင်းမလားပဲ ။

သူကိုင်ထားသောစာရွက်နဲ့ ထက်ထက်ကိုင်ထားသော ခဲတံတို့မှာ အခုမှပဲပေါင်းဆုံဖြစ်ပြီး စာရင်းစလုပ်ကြသည် ။ တစ်သက်မှာတစ်ခါသော မင်္ဂလာဆောင်ခြင်းဖြစ်ပေမယ့် ထက်ထက်ကတော့ဇကာမချဲ့ရှာ ။ နှစ်ဘက်သောမိဘများသဘောအရ နေ့သင့်နံသက် ရက်ရာဇာ ရက်ကလေးတစ်ရက်မှာ ရုံးတက်လက်မှတ်ထိုးပြီး နောက်ရက်မှာ ချမ်းမြေ့ရိပ်သာမှာ မင်္ဂလာဦးဆွမ်းကျွေးပြီးရင် နှစ်ယောက်သား အခန်းလေးတစ်ခန်းငှားပြီး အတူတူနေကြမည်လို့ပဲ နှစ်ဦးသဘောတူစီစဉ်ထားကြသည်။ မိထက် မိဘတွေကတော့ တစ်ဦးတည်းသော သမီးလေးအတွက်ဇာချဲ့ချင်ပေမယ့် မင်းမနိုင် မိထက်ကတော့ သူ့အစီစဉ်နဲ့သူ ဘယ်သူ့သဘောမှမနာခံ ။ သူကလည်း မိထက်ကလေးသဘောဆိုတော့ နှစ်ယောက်သားဟုတ်နေကြတော့တာပါပဲ။

(၁)အခန်း (အဲကွန်းနဲ့)
(၂)အိပ်ခန်းသုံးပစ်စည်း (မွေ့ရာ ၊ စောင် ၊ ခေါင်းအုံး ၊ ခြင်ထောင် ၊ အဝတ်ဗီရို ၊ မှန်တင်ခုံ စသည်...)
(၃)ကုတင် ၊  စာဖတ်ခုံ ၊ ခွေးခြေလေး နှစ်လုံး
(၄)ဆိုဖာ (+အခင်း) ၊ ခုံ
(၅)တီဗွီ ၊ ဒီဗွီဒီ ၊ စလောင်း (ဘောလုံးပွဲကြည့်ရန်)၊ စကိုင်းနတ် (မိထက်အတွက်)
(၆)ထမင်းစားစားပွဲနဲ့ ခုံ
(ရ)မီးဖိုချောင်သုံးပစ်စည်းမျိုးစုံ
(၈)ရေချိုးခန်းအိမ်သာသုံးပစ်စည်းမျိုးစုံ

ဟူးခနဲ သူသက်ပြင်းတစ်ချက်ချမိသည် ။မိန်းမတစ်ယောက်ယူဖို့အရေးမလွယ်ကူလှပါလား ။ ဒါတောင်သူတို့နှစ်ယောက် နှစ်ရှည်လများစုလာခဲ့တာ...။ ဒီကြားထဲ..မိထက်က အရွန်းဖောက်သေးသည်။

".မောင် နင်နဲ့ငါနဲ့ယူပြီးရင် နင်လည်းနင့်မိဘအိမ်မှာနေ ငါလည်းငါ့မိဘအိမ်မှာနေမယ်လေဟယ်...ဒါဆို ငါတို့တွေပိုက်ဆံမကုန်တော့ဘူးပေါ့ ဟုတ်ဖူးလား...."

တဲ့ ။ သူ မိထက်ခေါင်းကိုတစ်ချက်ခေါက်ခနဲခေါက်လိုက်ပြီး

."မဦးမချွတ်မင်္ဂလာဦးမှာဘာလို့ခွဲနေမှာတုန်း...နင်မလိုက်ချင်နေ ငါတခြားတစ်ယောက်နဲ့တူတူနေလိုက်မယ်လေ "

သူ့ရဲ့ ပြန်နောက်တဲ့စကားကို မိထက်တို့က ဘာမှခံစားရပုံမပေါ်... သူ့ဘာသာသူတစ်ယောက်တည်းပြောနေလေတော့သည်..။

"ငါကလွဲရင် နင့်လိုလန်ဘားကိုယူမယ့်သူမရှိပါဘူး စိုင်းအောင်တင့်ရယ် ... ။"

ဆိုင်တွေကိုဖုန်းခေါ်လိုက် ၊ ဈေးတွေမှတ်လိုက် နဲ့ နှစ်ယောက်သားခေါင်းချင်းဆိုင်တိုင်ပင်ရင်း အချိန်လည်းတော်တော်လင့်နေပြီ ။ ဒီဆိုင်ကိုသူတို့နှစ်ယောက်ရောက်နေတာ ဟိုး မနက်အစောကြီးတည်းကနေ ၊ မနက်စာမုန့်ဟင်းခါး စားပြီးတည်းက ထိုင်ပြီးတိုင်ပင်နေကြတာ နေ့လည်စာလည်းဒီမှာပဲစားပြီး ခုညစာတောင်မှာစားဖို့လုပ်နေပြီ ။ မိထက်နဲ့သူနဲ့ဒီလိုအေးအေးဆေးဆေးလည်းမတွေ့ဖြစ်တာလည်းတော်တော်ကြာနေပြီ ။ သမီးရည်းစားသဘာဝ ကယုကယင်အချိန်တွေကလည်းကုန်တာကြာလှပြီ ၊ တစ်ယောက်အပေါ်တစ်ယောက် နားလည်ခြင်း ၊ လိုက်လျောခြင်းတွေနဲ့ပဲ ရှေ့ဆက်လာခဲ့ကြတာလေ။ ဆိုင်ရဲ့မီးတွေကလည်းလင်းလာပြီး ဖြစ်သလို ငါးကန်လေးထဲက ငါးတွေကလည်း မမောနိုင်မပန်းနိုင်ရေအလျဉ်မှာ မျောနေကြဆဲ ။ မေးလက်စ လုပ်လက်စတွေအကုန်အပြီးသတ်ပြီး သူနဲ့ မိထက်တို့ညစာစားဖို့ရွေးကြသည် ။

" မောင် နင်မာလာဟင်းစားမလား..ငါလည်းစားချင်တယ်..အစပ်လျော့မယ်လေဟယ်..နော်...။ ပြီးတော့ ထိုင်းကြက်သားသုပ်မှာမယ်.. နင်ဘာစားချင်သေးလဲ..."

အစပ်စားရင်ဗိုက်အောင့်တတ်လွန်းတဲ့ မိထက်ကို အစပ်စားခွင့်ပိတ်ထားခဲ့တာကြာလှပြီ ၊ ဒါပေမယ့်အိမ်မှာမိထက် ခိုးခိုးစားနေပုံရသည် ။ အခုတော့မစားရမှာစိုးလို့ မိထက်တစ်ယောက်မျက်နှာချိုသွေးရှာနေပြီ ။

."မာလာဟင်း နဲ့ ထိုင်းကြက်သားသုပ်မှာမယ် ၊ အစပ်လုံးဝလျော့မယ်နော်..။ ဆေးဘဲဥသုပ်တစ်ပွဲ ၊ ကြာဆံဟင်းခါးတစ်ပွဲ မှာမယ်..နင်ဘာသောက်မှာလဲ ... ရေပဲလား ..."

အမှန်က မိထက်က အအေးတွေဘာတွေသောက်တတ်ပေမယ့် သူနဲ့အတူနေတာကြာတော့ သူ့ဆီကအကျင့်တွေကူးပြီး အအေးကိုမသောက်တော့ဘဲ ရေကိုပဲ မက်မက်စက်စက်သောက်တတ်သွားခဲ့သည်။ သူက အအေးထက် ရေကိုပဲပိုကြိုက်သည်။ ဒီလိုပါပဲလေ အတူတူနေလာတာကြာတဲ့သူတိုင်း တစ်ယောက်ဆီက အကျင့်တွေ တစ်ယောက်ကိုကူးမြဲ ။ မိထက်ဆီက ကူးလာတဲ့အကျင့်တွေလည်းသူ့ဆီမှာ အမြောက်အမြား ၊ အားတိုင်းရေနွေးကြမ်းသောက်တတ်တဲ့မိထက်ကြောင့် ရေနွေးကြမ်းကို ကိုယ်နဲ့မဆိုင်သလိုခံယူထားတဲ့သူလည်း ရေနွေးကြမ်းသောက်တတ်လာခဲ့တယ် ။ ငါးမစားတတ်တဲ့သူ မိထက်ကြောင့် ငါးဟင်းတွေစားတတ်လာခဲ့သည် ။
နှစ်ယောက်သား ဟင်းတွေမှာပြီးနောက်မှာ မိထက်ဆီက စကားထွက်လာခဲ့သည် ။

".မောင် ငါဟင်းကောင်းကောင်းမချက်တတ်ဘူးနော်...."

ဟိုးအရင်တည်းကနေ သူမိထက်ဟင်းကောင်းကောင်းကန်းကန်းမချက်တတ်တာကိုသိပါသည် ။ ဒါပေမယ့်လည်း သူချစ်တဲ့မိထက်ကလေးကို ဟင်းမချက်တတ်တဲ့အတွက်အပြစ်တင်စရာမှမရှိတာ..။

".မောင်သိတာပေါ့ ညီမလေးရ....ဟင်းမချက်တတ်လည်းဘာဖြစ်လဲ အဆင်ပြေသလိုဝယ်စားကြတာပေါ့.."

မိထက်ကလေး ခဏလောက်စိတ်သက်သာဟန်ရသွားပုံရသည် ။ ပြီးတော့ မျက်နှာချိုလေးသွေးရင်း

".မောင် ငါကလေ...ယောကျာ်းတွေကိုဘယ်လိုပြုစုရမလဲ ဘယ်လိုအကြိုက်ဆောင်ရမလဲမသိဘူး ။ ငါကြားဖူးတာတော့ အရမ်းတော်တဲ့မိန်းမတွေက အပြင်မှာအလုပ်လုပ်ရင်လည်းကျော့လို့ ၊အိမ်မှာနေရင်လည်း ကျွန်တစ်ယောက်လို..မရိုမသေဟယ်..အိပ်ရာထဲရောက်ရင်လည်း ပြည်တန်ဆာတစ်ယောက်လို ပြုစုတတ်ကြတယ်တဲ့..။ ငါအဲလိုတော်မယ်မထင်ဘူးဟယ်...။ ပြီးတော့ ငါက ငါ့ရုံးအလုပ်ကလည်းများသေးတယ်... ။နင်မြင်တဲ့အတိုင်းပဲ ငါနင့်ကိုပြုစုနိုင်ဖို့နေနေသာသာ ငါ့မှာ မနက်မနက်အိပ်ရာက လူးလှီမ့်ထပြီး ခေါင်းတောင်သေချာမဖြီးနိုင်ဘဲ ရုံးသွားသွားနေတာ နင်မြင်တဲ့အတိုင်းပဲလေ..။ ဒါပေမယ့်ဟယ်..ငါ အတတ်နိုင်ဆုံးနင့်ကိုတာဝန်ကျေအောင်ပြုစုပါ့မယ်... ငါအပြုအစုမတတ်လို့ နင်ငါ့ကိုပစ်သွားမှာလားဟင်......"


မိထက်ရဲ့စကားအရှည်ကြီးပြောပြီး မျက်စိမျက်နှာတွေပျက်ကာ သူ့လက်ကိုတင်းတင်းဆုပ်ကိုင်ပြီး သူ့ကိုပဲစိုက်ကြည့်နေပါတော့သည်။ မိထက်ကလေးတစ်ယောက်စိုးရိမ်ရှာနေပြီ...။ မပူပါနဲ့ညီမလေးရဲ့...။

"မိထက်...ငါပြောတာသေချာနားထောင်နော်...နင်နဲ့ငါဟာ ဆယ်တန်းတည်းကနေ တွဲလာခဲ့တဲ့သူတွေ ချစ်လာခဲ့ကြတဲ့ငယ်ချစ်တွေလေဟယ်...နင့်အကြောင်းကိုလည်းငါကောင်းကောင်းသိတယ် ၊ ငါ့အကြောင်းကိုလည်းနင်သိတယ် ။ နင်ဆယ်တန်းကျောင်းသူ ဘဝနဲ့မပြင်မဆင်ဘဲနေခဲ့တဲ့ပုံစံထဲကနေ အခုလို အပျိုကြီးဖားဖားဖြစ်လာတဲ့အထိ ငါ့မျက်စိအောက်မှာပဲနင်ရှိခဲ့တာ..ပြောရရင် နင် ငါ့ရှေ့မှာပဲကြီးလာခဲ့တာ...နင့်ရဲ့ ကောင်းသောအကျင့်ဆိုးသောအကျင့်ဟူသမျှကို အရင်တည်းကနေ ငါခံယူနိုင်ခဲ့တယ် နောက်လည်းခံယူဖို့အဆင်သင့်ပဲ.... အဲဒါကိုသေချာသဘောပေါက် ...."

သူ့စကားအဆုံးမှာ မိထက်ရဲ့ မျက်လုံးလေးတွေ အပြုံးတွေနဲ့လက်ခနဲတောက်ပသွားပါတော့သည်...။

"ဒါနင်တကယ်ပြောတာလား......."

မယုံသလိုလိုနဲ့ မမထက်ထက်တစ်ယောက် သူ့ကိုစစ်ဆေးနေပြန်ပါသေးသည်။

"ဒါပေါ့ ထက်ထက်ရဲ့ မောင့်ကိုအားကိုးလိုက်စမ်းပါ..."

သူ့ရဲ့ မြူးမြူးကြွကြွပုံစံကိုကြည့်ပြီး မိထက်တစ်ယောက် ပျော်သွားပေမယ့် ထပ်မေးလိုက်ပြန်ပါသေးသည် ။

".နေဦး ရှိသေးတယ်..ယောကျာ်းတွေက ယူပြီးနှစ်နှစ်နေရင် ရိုးသွားပြီတဲ့... နင်ငါ့ကိုယူပြီး နှစ်နှစ်နေရင်ရိုးသွားမှာလားပြော..."

ဒီကောင်မလေးကတော့ တော်တော်လေးကိုတွေးနိုင်လွန်းသည်..။ ဘယ်သူဘယ်ဝါတွေသွေးထိုးထားလဲမသိ...။ ရှင်းနိုင်မှတော်ကာကျပေမည်။

" ရိုးချင်ရင်...မယူခင်တည်းကနေရိုးလို့ရတယ်မိထက်ရ..နင်နဲ့ငါနဲ့တွဲလာတာ နှစ်ချို့နေပြီနော်..ရိုးသွားရင်..ငယ်ငယ်ချောချောအလန်းလေးတွေ ယူမှာပေါ့..နင့်ကိုယူမလား "

သူ့ရဲ့အပြောကိုမိထက်တစ်ယောက် ဝမ်းသာကျေနပ်သွားရှာပါသည်။ တကယ်ပါ ချစ်ရတဲ့သူရယ်...ဘယ်သောအခါမှမရိုးသောချစ်ခြင်းတွေနဲ့ချစ်နေမှာပါ...။

"ငါအန်တီကြီးဖြစ်ပြီး ကလေးတွေမွေးလို့ ဝတုတ်ကြီးဖြစ်လာရင်နင်ချစ်ဦးမှာလား......"

အလှပျက်ရင်မချစ်တော့မှာကို မိထက်တစ်ယောက် စိုးရိမ်နေရှာသည် ။ ခုတောင်အန်တီအရွယ်ရောက်ပြီး ခပ်ပြည့်ပြည့်ဖြစ် နေပြီလို့ပြောလိုက်ရင် ဘယ်လောက်များစိတ်ဆိုးမလဲမသိ။

"ငါနင့်ကိုအမြဲထာဝရချစ်မယ်..နင်မကြားဖူးဘူးလား..... ကိုင်ဇာသီချင်းလေဟာ... ဘာတဲ့.... အများသူငါမမြင်အောင်စာတွေခိုးခိုးပေးကြမယ်..အဘိုးကြီးငါ့ကိုအဖွားကြီးမင်းက မောင်တွေဘာတွေခေါ်ပါဦး.....။ အဲသီချင်းလိုပဲလေ အဖိုးကြီးနဲ့အဖွားကြီးဖြစ်တဲ့အထိ ရိုးမြေကျချစ်မယ်ဗျာ......"

အလွန်အမင်းကျေနပ်သောမျက်နှာနဲ့ မိထက်တစ်ယောက် ဖြူဖွေးသောသွားများအပြင်..သဘာဝလောကကြီးက သူများထက်ပိုလှအောင်အပိုပေးလိုက်သော သွားတက်ကလေးများပေါ်ပြီး ပါးချိုင့်လေးတွေခွက်နေအောင် ပျော်ရွှင်ရယ်မောနေပါတော့သည်။ နှစ်ယောက်သား မှာထားသော စားစရာများကိုပျော်ရွှင်စွာစားကြပြီး တစ်ယောက်လက်တစ်ယောက်တွဲက ဆိုင်ကနေပြန်ထွက်လာကြသည် ။ ဆိုင်က စားပွဲထိုးလေးတွေလည်း မနက်တည်းကနေ တနေကုန်တနေခမ်းထိုင်ပြီး စကားပြောနေကြတဲ့ သူတို့နှစ်ယောက်ကို တအံ့တဩကြည့်လို့.။ ဒါပေမယ့် အမြင်မကတ်လောက်ဘူးလို့တော့ထင်ရပါသည်။ သူတို့နှစ်ယောက် စားပွဲပေါ်မှာ Tips Money လေးထားခဲ့ကြပါသည်။ အပြန်လမ်းမှာ မိထက်တစ်ယောက် သူ့ပခုံးပေါ်ကိုမှီရင်း ချွဲချွဲနွဲ့နွဲ့လေးပြောလိုက်သည်..။

".မောင် နင့်ကိုငါလက်ထပ်မယ်သိလား....."

အခုမှအရေးလုပ်ပြောသော မိထက်ကိုသူတအံ့တဩပြောလိုက်မိသည်..။ သူမကလေးသည် သူ့ကိုလက်ထပ်ပါမည်ဟု....လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုစာမတိုင်ခင်တည်းက ကတိစကားပြုထားပြီးသားလေ ။

".ဟောဗျာ...အခုမှလား......ညည်းယူမယ်ပြောထားတာဖြင့်ကြာလှပြီလေ ။ အခုတောင်လက်မှတ်ထိုးဖို့အကုန်ပြင်ဆင်ထားပြီးပြီ..အဲတော့မှ လက်ထပ်မယ်လို့ဆုံးဖြတ်တာလား..."

သူ့ရဲ့စကားကိုမိထက်တစ်ယောက် ရှက်ပြုံးလေးနဲ့ပြန်ပြောလိုက်သည်...။

".မောင်နဲ့ချစ်တာလည်းကြာခဲ့ပြီ..လက်ထပ်မယ်လို့စဉ်းစားထားတာလည်းကြာလှပြီ...ဒါပေမယ့်ခုမှပိုလက်ထပ်ချင်စိတ်ပေါက်လာလို့တဲ့.....။"


ပရိတ်သတ်ကြီးရယ်.. ကျနော့်ရဲ့မိထက်ကလေးမှာ ဒီလိုကြောင်တောင်တောင်အတွေးလေးတွေလည်းရှိတတ်သေးတယ်ဗျ  ။


Dedicated to my special one <3
blog အဟောင်းမှာတင်ဖူးတဲ့ ၀တ္တုတိုလေးကိုပြန်တင်လိုက်ပါတယ်။

Monday, 20 May 2013

လုပ်ချင်တာလေးတွေ



လောလောဆယ် စိတ်ဖိစီးမှုများလွန်းတဲ့ဘ၀ထဲကနေ ခဏတာရုန်းထွက်ချင်မိပါတယ်။ ဘာလုပ်လိုက်ရရင်စိတ်ဖိစီးမှုတွေပြေပျောက်သွားမလဲဆိုပြီးတွေးမိပြန်တော့ တကယ်လို့ကျွန်မ အောက်မှာရေးထားတဲ့အချက်တွေထဲက တစ်ခုခုကိုလုပ်နိုင်ခဲ့မယ်ဆိုရင် ကျွန်မစိတ်တွေအနည်းငယ်ပြေလျော့သွားလိမ့်မယ်ထင်ပါတယ်။

(၁)လက်ရှိအလုပ်ကနေထွက်ပြီး ကျွန်မလုပ်ချင်တဲ့ PHP နဲ့ development လုပ်ချင်ပါတယ် ။ ရှေ့မကြည့်နောက်မကြည့်လုပ်ချင်ရာလုပ်တတ်တဲ့ကျွန်မ ရွေးချယ်မှုအမှားတစ်ခုကြောင့် ကိုယ်စိတ်မ၀င်စားတဲ့အရာတွေကိုလုပ်နေရတယ်။ အချိန်မှီပြောင်းမှဖြစ်ပါတော့မယ် ။

(၂)ပျော်စရာမကောင်းတဲ့အလုပ်ပတ်ဝန်းကျင်ကနေ ရုန်းထွက်လိုက်ချင်ပါတယ်။ ဒါပေမယ့် ဒါဟာကျွန်မရွေးချယ်ထားတဲ့အလုပ်မို့လို့လောလောဆယ်ပြောင်းခွင့်မရှိသေး ။

(၃)ရစရာရှိတဲ့ ဘောနက်စ်ရချင်ပါတယ် ။ နှစ်စဉ်ပေးနေကျ ဘောနက်စ်က management အပြောင်းအလဲကြောင့် မပေးသေးဘူးဖြစ်နေပါတယ်။ ပိုက်ဆံလေးမြိုးမြိုးမြက်မြက်ရမယ့်အချိန်ဆို အဲ့တိုင်းပဲ ။

(၄)အဟေး...အထိုင်များလွန်းလို့ တစ်နေ့တစ်ခြား ချစ်တဲ့သူတွေကတော့ မိပုံ့ဖြစ်လာတယ် ၊ အမြင်ကတ်တဲ့သူတွေကတော့ ၀လာလိုက်တာတဲ့......။ အဲ..တစ်နေ့တခြားဝလာတဲ့ ကိုယ်ကို အမြန်ဆုံးဝိတ်ကျချင်မိပါတယ်။  အစားစားလေ ပိန်လေ ဆို ဘယ်လောက်ကောင်းမလဲနော် ။ ခုတော့ အလုပ်မှာစိတ်ဖိစီးရင်း စားရင်း ၀ရင်း ပါပဲ ။း)

(၅)အရင်တလောတုန်းကရေးဖူးပါတယ် ။ အမေနဲ့အဆင်မပြေဘူးဆိုတဲ့ကိစ္စလေးတွေကိုပေါ့ ။ အမေနဲ့အဆင်ပြေချင်ပါတယ်။ ဖုန်းဆက်ပြီးအမေ့ကိုချော့မယ်ဆိုပေမယ့် ရင်ထဲမှာ မာနစိတ်ကလေးမလျော့နိုင်သေးဘူး ။ ကျွန်မခေါင်းမာနေဆဲပါ ။
ခေါင်းမာတတ်တဲ့အကျင့်ကလေးကို နည်းနည်းလေးလျော့ချင်ပါတယ်။ ဒါဟာ ကိုယ့်စိတ်ပဲ ကိုယ်တိုင်ပြင်ရမှာပေါ့ဆိုပေမယ့် အင်မတန်ပြင်ရခက်လှပါတယ်။ လျော့မယ် လျော့မယ်ဆိုပေမယ့် ဘယ်တော့မှ မလျော့ဖြစ်တာ ခေါင်းမာခြင်း ၊ ကျွန်မအတွက် ခေါင်းမာခြင်းနဲ့ဝိတ်လျော့ခြင်းက တော်တော်လေးကို ဖျောက်ရခက်တဲ့မလုပ်နိုင်တဲ့အကျင့်ဆိုးတွေပါပဲ။

(၆)ကျောင်းဆက်တက်ဖို့စဉ်းစားပေမယ့် မနှစ်က အကြောင်းအမျိုးမျိုးကြောင့်လွဲချော်ခဲ့ပါတယ်။ ဒီနှစ်တော့တက်ဖြစ်အောင်တက်မယ်လို့စဉ်းစားထားပါတယ် ။ ကျွန်မ နိုင်ငံခြားကိုလာရခြင်းအကြောင်းအရင်းကလည်း ကျောင်းတက်ချင်လို့ပါပဲ ။ ခုတော့ ဒီရောက်တာ သုံးနှစ်ကျော်ပြီ ကျောင်းမတက်ဖြစ်သေး ၊ အစစအရာရာပြင်ဆင်ပြီး ကျောင်းတက်ချင်နေပါပြီ ။

(ရ)စာရေးစာဖတ်ဖို့အချိန်အများကြီးလိုချင်ပါတယ် ။ စာရေးဖို့အတွက် ကုန်ကြမ်းရှာတယ်လို့လဲမပြောရဲပါဘူး.. စာရေးဖို့အတွက်ဗဟုသုတတွေအများကြီးလိုအပ်ပါတယ် ။ ဒီနိုင်ငံမှာအနေကြာလာတဲ့အမျှ ၊ အလုပ်မှာလည်းအလုပ်မို့စိတ်ဖိစီး ၊ အိမ်မှာလည်းအိမ်မို့လို့ စိတ်ဖိစီးရင်း နှလုံးသားမှာအကြည်ဓာတ်လေးတွေ တော်တော်လေးလျော့ပါးလာမှန်းကိုယ့်ကိုယ်ကိုသတိထားမိလာပါတယ် ။ အိမ်မှာအေးအေးဆေးဆေးလေးနေရင်း စာရေးစာဖတ်ချည်းပဲလုပ်ချင်နေမိပါတော့တယ် ။

(၈)ဘန်ကောက်ကို ရှောပင်းထွက်ချင်ပါတယ် ။ ရှောပင်းထွက်ချင်သလို ၊ကျွန်မနှစ်သက်တဲ့ထိုင်းစာတွေ အ၀အပြဲစားချင်ပါတယ် ။ တုန်ယမ်း ၊ သဘောင်္သီးသုပ် ၊ ငါးကင်နဲ့ ထိုင်းငါးဖယ်ကြော်...သွားရည်တောင်တောက်တောက်ကျပါတယ်။  ကျွန်မ အလုပ်နဲ့ဘန်ကောက်သွားတုန်းက ငါးဖယ် ၊ သဘောင်္သီးသုပ် ၊ တုန်ယမ်း ဟင်း ၊ ငါးကင်ကိုနေ့တိုင်းစားပါတယ်။ ကိုးန၀င်းပုတီးစိတ်နေလျက်ကနေ အဓိဌာန်အပျက်ခံပြီး ငါးကင်စားခဲ့ဖူးပါတယ် ။  ဘန်ကောက်ကထိုင်းစာက ကျွန်မစိတ်ထင် ပိုအရသာရှိသလိုပါပဲ ။ ဒီတော့လဲ ရောက်တုန်းရောက်ခိုက်စားရတာဆိုပြီးတော့ပဲ ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်လိုက်ပါတော့တယ်။ :D

(၉)အင်ဒိုနီးရှား ၊ ဘင်တန်ကိုသွားချင်ပါတယ်။ ဘင်တန်ကို ကျွန်မရောက်တာ နှစ်ခါရှိပါပြီ ၊ နောက်သွားချင်သေးလားဆိုရင် သွားချင်ပါသေးတယ် ။ ငပလီတို့ချောင်းသာတို့ကိုမမှီပေမယ့် ကမ်းခြေမရှိတဲ့နိုင်ငံမှာနေရသူအဖို့တော့ ဘင်တန်ဟာလည်း နတ်နိဗာန်တစ်ခုပမာပါပဲ ။

(၁၀)အိမ်ပြန်ချင်ပါတယ်။ အိမ်ပြန်ချင်တယ်ဆိုပေမယ့် ဘယ်အိမ်ကိုပြန်ချင်သလဲကျွန်မမသိပါဘူး ။ ဟာ..ဆုမြတ်မှာအိမ်တွေအများကြီးရှိလားဆိုပြီး မမှတ်ပါနဲ့ဦးနော် ။ ကျွန်မမှာ တက္ကသိုလ်ကျောင်းပြီးတဲ့အထိနေခဲ့တဲ့ စစ်တွေဆိုတဲ့အိမ် ၊ လက်ရှိမိဘများနေထိုင်တဲ့ တနသာင်္ရီတိုင်းကအိမ် ၊ အမြဲလိုလိုရောက်ဖြစ်ပြီး ဒီမလာခင်အထိနေခဲ့တဲ့ ရန်ကုန်ဆိုတဲ့အိမ် ..။ ထိုအိမ်တွေကိုလွမ်းပါတယ်။  ဇာတိချက်မြှပ်ရခိုင်သူမို့လို့ ရခိုင်ပြည်ကို တအားခင်တွယ်ပါတယ် ။ ခုချိန်ဆိုရင် ရခိုင်မှာ မိုးတစီစီရွာပြီး မိုးရာသီစာတွေစားနေကြလောက်ပါပြီ ။ မိုးတွင်းစားတဲ့ မရွတ်လို့ခေါ်တဲ့ ခရု နဲ့ မျှစ်ရယ် ၊ ချဉ်ပေါင်ရယ် ရောချက်ထားတာလေးကိုလွမ်းလှပါတယ် ။ မိုးတွင်းငရုတ်သီးစိမ်းတွေကို ငပိများများနဲ့ထောင်းထားတဲ့ ငရုတ်သီးထောင်းကို ရှောက်ရွက်နုနုလေး ၊ သခွားသီးအ၀ိုင်းလေးတွေနဲ့တို့ ၊ မိုးတွင်းမှာမှစားရတဲ့ ဓညင်းဝက်လေးတွေကို မီးဖုတ်ပြီး ငရုတ်သီးထောင်းလေးနဲ့တို့စားရတဲ့အရသာဟာ ဘာနဲ့မှနှိုင်းလို့မရပါဘူး ။ ပင်လယ်ပြာနဲ့လခြမ်းမြီကိုဘယ်လောက်ပဲလွမ်းလွမ်း ကျွန်မသူငယ်ချင်းအပေါင်းအသင်းတွေအကုန်လုံးက ရန်ကုန်ကိုရောက်နေကြတော့ရန်ကုန်မြေကိုလည်းလွမ်းမိပြန်ပါတယ်။ သူငယ်ချင်းတွေနဲ့သင်တန်းပြီးရင် ရုပ်ရှင်သွားကြည့်ကြတာ ၊ ရှောပင်းပတ်ကြတာ ၊ အစားသောင်းကျန်းကြတာတွေကိုသတိရမိပြန်ပါတယ် ။ တောသူမြို့ရောက် အိမ်ကပေးထားတဲ့ ပိုက်ဆံတစ်ထပ်ကြီးကိုင်ရင်း စူပါဝမ်းမှာ ဈေးဝယ်တာ ၊ မြေနီကုန်း ဒဂုံစင်တာကိုနေ့တိုင်းပတ်တာ ၊ moon bakery မှာ ကြာဆန်ပြုတ်စားတာတွေကိုအမှတ်ရမိပြန်ပါတယ်။ အထူးသဖြင့် ကျွန်မတို့သုဝဏထဲက ကျွန်မတို့အိမ်နားက မွန်မုန့်ဟင်းခါးဆိုင်လေးကိုလွမ်းလှပါတယ်။ သင်တန်းတက်ရတဲ့မနက်တိုင်း ကျွန်မ ထိုမွန်ဆိုင်လေးမှာပဲ မုန့်ဟင်းခါးစားပါတယ် ။သင်တန်းမတက်ရတဲ့နေ့ဆိုရင် မနက်အစောကြီးထ ၊ ကြီးကြီးကိုဈေးလိုက်ပို့ပြီး ဈေးနားက လက်ဖက်ရည်ဆိုင်မှာ ပဲပလာတာနဲ့ချိုဆိမ့်သောက် ၊ ပြီးရင် အင်တာနက် နှစ်နာရီသုံး ၊ စာအုပ်ငှား ၊ ထမင်းစားပြီး တစ်နေကုန်အိမ်မှာစာအုပ်ဖတ် ၊ ညနေကျရင် စာအုပ်ပြန်အပ် ၊ အင်တာနက်တစ်နာရီသုံးရင်း ရှစ်နာရီမထိုးခင်အိမ်အရောက်ပြန်ရတဲ့ဘ၀ကိုလည်းလွမ်းမိပြန်ပါတယ် ။ အိမ်နားက ရခိုင်မုန့်တီဆိုင်မှာ ကိုယ်တိုင်မုန့်တီဝင်သုတ်တဲ့ရက်တွေ၊ အိမ်ကပို့တဲ့ပိုက်ဆံနဲ့လောက်အောင်ချင့်ချိန်သုံးရတာတွေ ၊ အိမ်မှာစာလေးတွေရေးပြီး ၊ မယ်မိုရီစတိစ်လေးနဲ့သယ် ၊ အင်တာနက်ဆိုင်မှာပိုစ့်တင်ရတဲ့အချိန်လေးတွေဟာ ဘ၀ရဲ့ပြန်မရနိုင်တော့တဲ့ အမှတ်တရအချိန်လေးတွေပါပဲ ။ အဲဒီအချိန်တုန်းက အတွေးအခေါ်တွေ၊ အိုင်ဒီယာတွေ၊ အနုပညာတွေလတ်ဆတ်လိုက်လေခြင်း ၊ အစစအရာရာမှာမိဘလက်အောက်မှာ၊ မိဘပေးမှသုံးရတယ်ဆိုပေမယ့် ခုလက်ရှိ ကိုယ်တိုင်စီမံခန့်ခွဲရတဲ့ဘ၀ထက် အဆပေါင်းများစွာသာလွန်ပါတယ်။ ပြီးတော့မကြာမကြာစားတတ်တဲ့ မင်းလမ်းမုန့်တီဆိုင်လေးကိုလွမ်းမိပါသေးတယ်။ ရန်ကုန်ကိုလွမ်းပေမယ့် ကျွန်မဟာ အိမ်ပြန်ရင် တနသာင်္ရီတိုင်းကိုပဲပြန်ရမှာပါ ။ ကျွန်မအချစ်ရဆုံးသော မိသားစုကလေးရှိတဲ့အရပ်ဆိုတော့ သံယောဇဉ်မရှိပေမယ့် သံယောဇဉ်တွေရှိတဲ့အရပ်ပါပဲလေ။ ဘိတ်မုန့်ဟင်းခါးကိုအရသာခံလို့မရတဲ့ ၊ ဘိတ်ကတ်ကျေးကိုက်ကိုမနှစ်သက်တဲ့ကျွန်မအဖို့ အိမ်ကိုလွမ်းပေမယ့်အိမ်ပြန်ချင်စိတ်နည်းလှပါတယ်။ အိမ်ပြန်လို့ အမေ တခုတ်တရလုပ်ကျွေးတတ်တဲ့ ဘိတ်ငပိထောင်းကလည်း ခံတွင်းမတွေ့ ၊ ဆိုင်ကယ်တ၀ီဝီ နဲ့ လူမျိုးခြားတွေရဲ့အဆောက်အဦးတွေပေါလွန်းလှတဲ့ထိုမြို့မှာ ကျွန်မမပျော်ပါဘူး ။ စက်ဘီးကလေးစီးပြီး လေလေးတဖြူးဖြူးနဲ့ ရှုခင်းသာ (ပွိုင့်)ညနေခင်းလေးတွေကိုပဲလွမ်းလှပါတယ်။ တကယ်တော့ ကျွန်မက စစ်တွေကိုလွမ်းပြီး ရန်ကုန်မှာနေချင်တဲ့ တနသာင်္ရီတိုင်းကို ပြန်ရမယ့်သူပါ ။


အပေါ်မှာရေးထားတဲ့ဆယ်ခုလုံးကိုကျွန်မလုပ်ချင်ပေမယ့် ခုထိမလုပ်နိုင်သေးပါဘူး ။ အချိန်ယူပြင်ဆင်ရင်း ဆယ်ခုလုံးကိုလုပ်ဖြစ်အောင်ကြိုးစားသွားမှာပါ ။ အမှန်က မေလ ၂၆ ရက်နေ့မှာရောက်မယ့် ကျွန်မရဲ့ ၂၅ နှစ်မြောက်မွေးနေ့အတွက် အချက်အလက် ၂၅ ခုကိုရေးချင်ပါသော်လည်း ရေးစရာအကြောင်းရှာမရတော့လို့ ဆယ်ခုပဲရေးလိုက်တာပါ ။ အားလုံး ဆန္ဒနဲ့ဘ၀ ထပ်တူကျကြပါစေနော် ။



Wednesday, 15 May 2013

စောင့်စားသူ



ချစ်သူကိုချစ်တယ်လို့မပြောရဲတဲ့သူအတွက် အနှစ်တစ်ထောင်စာ စကားမဲ့စေဆိုတဲ့ စကားစုလေးကို နေရာတစ်ခုမှာ ကျွန်မဖတ်ဖူးခဲ့ပြီးခုထက်ထိ စွဲလမ်းအမှတ်ရနေတဲ့စကားလေးတစ်ခွန်းပေါ့ ။ သူဟာ ကျွန်မကိုချစ်လားမချစ်လား ဆိုတဲ့ဝေခွဲမှုကိုအရင်မလုပ်နိုင်ခင် ကျွန်မသူ့အပေါ်တွယ်တာခဲ့ရသည် ။ မြတ်နိုးခဲ့ရတယ် ။ နှောင်တွယ်ခဲ့ရသည်။
ဘယ်သူသိနိုင်မလဲ ခေါင်းမာမာနဲ့မိန်းကလေးတစ်ယောက်ရဲ့တခြားတစ်ဘက်မှာ ဘယ်လောက်ယုယကြင်နာတတ်နေခဲ့လဲဆိုတာ ။ လှည့်ထွက်မရတဲ့လမ်းတစ်ခုရဲ့ နှလုံးသားဘာသာဗေဒကို တွေဝေတတ်တဲ့သူတစ်ယောက်ဆီက ညှစ်ထုတ်တတ်ဖို့ ကျွန်မဟာ ကျိန်စာတစ်ခုမရွတ်ဆိုမိအောင် စိတ်ရှည်ရှည်ထားရင်း တော်တော်လေးကိုလေ့ကျင့်သင်ယူခဲ့ရသည်။ တစ်နည်းအားဖြင့် သူ့အပေါ်နားလည်မှုတွေရှိခဲ့ရသည်။

သံယောဇဉ်အရိပ်ထင်လာတိုင်း အချစ်များလားလို့ သံသယစိတ်ကလေးဝင်ရင်း တိုးတိုးတိတ်တိတ်ရင်ခုန်ခဲ့ရတဲ့ညတွေ ၊ ဖွဲ့နှောင်မှုတစ်စုံတစ်ရာမပါတဲ့ စကားသံတချို့ကိုမှ နှောင်တွယ်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရင်း ရှောင်ဖယ်ထွက်သွားလိုက် ၊ ပြန်တွယ်ငြိလိုက်နဲ့ လွန်းကလေးလိုကျွန်မရယ်ပေါ့ ။
သူ့ကိုအရမ်းအမြင်ကတ်တယ် ..... သမီးကိုအိမ်လိုက်ပို့ချင်တဲ့တစ်ယောက်နဲ့ပဲ အပြင်သွားတော့မယ်ဆိုပြီး အခန်းဖော်ကိုတိုင်တည်ပြီးငို...... ၊ တခါတခါများစိတ်ကောင်းဝင်လို့သူဆိုပြတဲ့ ပန်းချစ်သူ ဆိုတဲ့သီချင်းဟာ ဘာအဓိပ္ပာယ်လဲသိချင်လို့ လူတကာကိုလျှောက်မေးဖူးလေရဲ့ ။ တကယ်တော့ ကျွန်မဟာ သူ့ကွန်ယက်ထဲမှာတိုးဝင်မိနေတဲ့ ပင့်ကူငယ်သာသာ ။

ပန်းစည်းကိုယ်စီကိုင်ရင်းလက်တွဲလမ်းလျှောက်နေကြတဲ့ချစ်သူတွေကိုမြင်တော့ သူ့ဆီက နှင်းဆီတစ်ပွင့်လောက်ရတန်ကောင်းပါရဲ့ဆိုတဲ့အတွေးနဲ့ ကျွန်မ ထိုနေ့ကို မျှော်လင့်တကြီးစောင့်စားခဲ့ရသည်။ ရုံးကို delivery နဲ့ပဲ ရောက်လာမလား ၊ ဒါမှမဟုတ် ညနေရုံးဆင်းရင် ပန်းစည်းလေးနဲ့ကြိုနေမလားဆိုတဲ့မျှော်လင့််ခြင်းနဲ့ကျွန်မသာမော....စိတ်ချဉ်ပေါက်လို့ဖုန်းမကိုင်ဘဲ ပစ်ထားတော့မှ ပန်းစည်းပေးရအောင် ဘာဆိုင်လို့လဲဆိုတဲ့ စကားလေးတစ်ခွန်းသာ ထိုနေ့၏လက်ဆောင်အဖြစ် အမှတ်တရရရှိခဲ့ဖူးသည် ။ တကယ်တော့ကျွန်မက မျှော်လင့်ရသူသက်သက်ပါ။

အပြီးအပိုင်စွန့်လွှတ်လိုက်တော့မယ်ဆိုတဲ့အတွေးနဲ့ ညနက်နက်တွေကိုရူးရူးမိုက်မိုက်ဖြတ်သန်း ၊ ဆက်သွယ်မှုဧရိယာရဲ့ပြင်ပတစ်နေရာမှာ တစ်ယောက်တည်းအတွေးပေါင်းစုံနဲ့ချာချာလည်ရင်း သူ့ဘက်က ကျွန်မမသိနိုင်တဲ့ ဘာအဆင်မပြေတာများရှိနေမလဲ ။ ပူမှုဆယ်ကုဋေရှိနိုင်တဲ့ လူသားတစ်ယောက်ပါလားဆိုတဲ့ နားလည်မှုနဲ့အတူ အချိန်တန်တော့လဲ ဆက်သွယ်မှုဧရိယာထဲ ကိုယ့်ဟာကိုယ်ပြန်ဝင်ရင်း ၊ ကိုယ်စီစဉ်တဲ့ဇာတ်ကိုကိုယ်တိုင်ဖျက်သိမ်းကာ ဘာမှမဖြစ်တဲ့ပုံစံနဲ့ ဟန်ဆောင်ပန်ဆောင်နေတတ်ခဲ့တယ်။ တကယ်တော့ ကျွန်မဟာ ခွင့်လွှတ်တတ်သူတစ်ယောက်ပါ ။

ဖုန်းတစ်လုံးရှေ့မှာ စကားအပြန်အလှန်ပြောရင်းအလုပ်ရှုပ်နေတာ ဘာကြောင့်လဲဆိုတဲ့အတွေးနဲ့အိပ်ပျက်ရက်တွေများတတ်ခဲ့တယ်။ ဘာကြောင့်လဲ (အထူးသဖြင့် ဘယ်သူနဲ့လဲ)ဆိုတာကိုသိချင်ခဲ့ပေမယ့် ခံစားချက်တွေကိုမျိုမျိုချရင်း ရင်ဘတ်ကြီးတစ်ခုလုံးဟာလှိုက်လှိုက်စားလို့ ။ ဖုန်းတစ်လုံးကိုကျစ်ကျစ်ပါအောင် ဆုတ်ရင်း မျက်ရည်တစမ်းစမ်းနဲ့ ရထားစီးဖူးခဲ့တယ်။ မလိုအပ်တဲ့ဖြေရှင်းချက်ကိုမှ ပက်ပက်သက်သက်လိုအပ်ချင်နေမိတာ ဘာကြောင့်လဲလို့ သူလည်းမမေးခဲ့သလို ကျွန်မလည်းမဖြေခဲ့ဘူး ။ တကယ်တော့ ကျွန်မဟာ သ၀န်တိုတတ်တဲ့သူတစ်ယောက်ပါ ။

ကဗျာနုနုလေးတွေ ၊ သီချင်းနုနုလေးတွေ ၊ လေညှင်းနုနုလေးတွေသယ်ဆောင်လာတာ အချစ်ကြောင့်လို့ သေချာသွားတဲ့တစ်နေ့မှာ သူ့ကိုကျွန်မ မေးခဲ့ဖူးသည် ။ ဘယ်လောက်ထိချစ်လဲလို့ ။ ညင်ညင်သာသာနဲ့ မိုးလောက်ကြီးချစ်တယ်လို့ပြန်ပြောတဲ့အချိန် အဲဒီတစ်ထိုင်တည်းမှာပါ ကျွန်မမှာ သူ့အတွက်အဖြေစကားရှိနေခဲ့သည်။ အသက်တမျှချစ်ခဲ့ရပါသည်။ နှလုံးသားကိုလှစ်ဟပြဖို့တွန့်တိုတတ်ခဲ့တဲ့လူတစ်ယောက်ရဲ့ တွေဝေမှု ၊ ဖုံးကွယ်မှု ၊ ရှက်ရွံ့မှု ၊ မသေချာမှု  ၊ စိုးရိမ်မှု တို့အပေါ်မှာ စစ်မှတ်သောချစ်ခြင်းတစ်ခုတည်းနဲ့ ကျွန်မဖြည့်စွက်ခဲ့ပါသည်။ တကယ်တော့ ကျွန်မဟာ စောင့်စားနိုင်သူတစ်ယောက်ပါ ။


Sunday, 12 May 2013

မရှိတော့တဲ့နောက်


မောင်ရယ် လှိုက်ကာကြားကနေ မျက်နှာပေါ်ကိုထိုးကျလာတဲ့ မနက်ခင်းအလင်းနုနုကြောင့်  မေနိုးလာခဲ့တယ် ။ နှစ်ညတာမနိုးတမ်းအိပ်စက်ခဲ့ပေမယ့် မေ့ခန္စကိုယ်ဟာ အရင်ရက်တွေကထက် နုံးချိလေးလံနေသလိုပဲ မောင်ရယ်. ........ပြီးတော့ မေ့ခေါင်းတစ်ခုလုံး တူတစ်လက်နဲ့မနားတမ်းထုရိုက်ထားသလို နာကျင်ကိုက်ခဲလေးလံနေတယ်မောင် ။ ခါတိုင်းမေမြင်နေကျ မြင်ကွင်းမဟုတ်တာကို သတိထားလိုက်မိတော့မှ မေ ၊ မောင်နဲ့မေရဲ့ အိမ်ကလေးကိုရောက်နေမှန်း သတိရမိတော့တယ်မောင်ရယ်..။ မေ ဒီအိမ်လေးထဲကိုရောက်နေတာ နှစ်ရက်ရှိပြီမောင် ။ မေတစ်ယောက်ထဲရှိနေတဲ့ ပန်းနုရောင်အိပ်ရာပေါ်ကနေထလိုက်ပြီး အိမ်ရှေ့ဝရန်တာဘက်ကို ထွက်လာလိုက်တယ် ။ ၀ရန်တာလက်ရန်းနားမှာ မောင်ချစ်တဲ့ငှက်ကလေးတွေ နားနေကြတယ် မောင်...စိုးစီ စိုးစီအသံတွေနဲ့ မေ့ကိုနှုတ်ဆက်နေကြတယ်။

မောင်သာရှိနေခဲ့ရင် ဟောဒီမနက်ခင်းတိုင်းမောင်နဲ့အတူတူ နိုးထပြီး ၀ရန်တာလက်တန်းလေးမှာ မှီပြီးစကားတွေပြောမယ် ။ မနက်စာအတူတူစားပြီး လုပ်ငန်းခွင်ထဲဝင်ကြမယ်။ ပိတ်ရက်ကလေးအားရင် မောင်စားချင်တာလေးတွေဖွယ်ဖွယ်ရာရာချက်ကျွေးမယ် ။ အိမ်ထောင်သက်ကလေးရလာရင် မောင့်နဲ့တူတဲ့သမီးကလေးတစ်ယောက်ယူမယ် ဆိုပြီး မောင်နဲ့မေ စိတ်ကူးတွေယဉ်ပြီးအတူတူပျော်ရွှင်ကြည်နူးခဲ့ကြတယ်နော်။ ဘုရားသွားလည်းအတူတူ ကျောင်းတက်လည်းအတူတူ  ဆံဖြူသွားကျိုးတဲ့အချိန်ထိ တစ်ယောက်နားမှာ တစ်ယောက်မခွဲဘဲအတူနေကြမယ်လို့လည်း ကတိကိုယ်စီရှိခဲ့ကြဖူးနော် မောင် ။

ပြီးခဲ့တဲ့နှစ်တွေကနေစပြီး နှစ်ဘက်မိဘသဘောတူညီချက်နဲ့အတူ မောင်နဲ့မေတို့နှစ်ယောက်တစ်ဘ၀အတွက် အတူတူပျော်ပျော်ပါးပါး ပြင်ဆင်ခဲ့ကြတယ်နော် မောင် ။ မောင့်လက်ကိုမေတွဲရင်း ရန်ကုန်မြို့အနှံ့အိမ်လိုက်ရှာကြတာ နောက်ဆုံး ဒီတစ်ထပ်တိုက်ကလေးကိုတွေ့ခဲ့တယ်နော် ။ မေကတော့ မြင်မြင်ချင်းဒီအိမ်လေးကိုသဘောကျလိုက်တာမောင်ရယ်။ ဈေးတောင်မဆစ်ဘဲမေတို့တွေဝယ်ခဲ့ကြတယ်နော်။ အိမ်တွင်းအပြင်အဆင်ကိုလည်း မေကိုယ်တိုင်အချိန်ယူပြင်ဆင်ခဲ့တယ်။ မေပင်ပန်းတယ်လို့မမှတ်ယူခဲ့ဘူး ။ မေ့အတွက် မောင်ဟာအရာရာတိုင်းပါကွယ် ။ မေတို့နှစ်ယောက်မင်္ဂလာဆောင်မယ့်ရက်ကိုသတ်မှတ်ပြီးတဲ့နောက်မှာ ဟိုတယ်မှာ မင်္ဂလာခန်းမ booking လုပ်တယ် ။ ဖိတ်စာရိုက်တယ်။  သတို့သမီးသတို့သား ၊ အရံ အ၀တ်အစားတွေ ပြင်ဆင်ကြတယ် ။ မေ့ရဲ့ချစ်လှစွာသော မောင်က ပန်းရောင်ကြိုက်တဲ့မေ့ကိုအလိုလိုက်ပြီး သတို့သမီးဝတ်စုံပန်းရောင်လေးကိုဝတ်စေခဲ့တယ်နော် ။ ပန်းအလှပြင်ဆင်စရာတွေ ၊ ဖိတ်စာဝေစရာတွေ ၊ မင်္ဂလာအခမ်းအနားကိစ္စတွေကို မောင်နဲ့မေတို့ မောရမှန်းမသိအောင် အတူတူပြင်ဆင်ခဲ့ကြတယ် ။ မင်္ဂလာဆောင်လာတဲ့သူတွေအတွက် လက်ဆောင်ပြန်ကမ်းပေးမယ့် အမွှေးဖယောင်းတိုင်လေးတွေကိုတောင် မေ့လက်နဲ့လုပ်ခဲ့သေးတယ်နော် ။ မေပင်ပန်းမှာစိုးတဲ့မောင်က ဖယောင်းတိုင်အော်ဒါမှာစေချင်ပေမယ့်  handmade လေးပေးချင်တဲ့ မေ့အလိုကိုလိုက်ပြီး ၀င်ကူခဲ့သေးတယ်။

မင်္ဂလာဦးဆွမ်းကျွေးမယ့်နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာလည်းမေတို့ booking ချိတ်ထားပြီးပြီ။ မောင့်ဖေဖေသူငယ်ချင်းတရားသူကြီးရှေ့မှာ လက်မှတ်ထိုးဖို့မေတို့စီစဉ်ထားပြီးပြီနော် ။ မောင်ရယ်...........
အသွားမတော်တစ်လှမ်းတဲ့ ၊ အစစအရာရာစီစဉ်ထားပြီးသားအချိန်အခါကျမှ ဆိုဒ်ထဲမှာ accident ကြောင့်
die on the spot ဆိုတဲ့စကားတစ်ခွန်းဟာ နောက်တစ်ပတ်တိတိနေရင်လက်မှတ်ထိုးပြီး ရှစ်ရက်မြောက်နေ့မှာ မင်္ဂလာဆောင် ၊ ကိုးရက်မြောက်နေ့မှာမင်္ဂလာဦးဆွမ်းကျွေးမယ့် သတို့သမီးလောင်းကို ကျောက်ရုပ်တစ်ရုပ်ပမာ shock ရသွားစေတယ် ။  ကံကြမ္မာဆိုတာကြီးကို မေသာကြိုသိနိုင်ခဲ့မယ်ဆိုရင် accident ဖြစ်မယ့်အချိန် မောင့်ကိုမေ ဘယ်သွားခိုင်းမလဲ ။ မောင်ရယ် safty first တဲ့ ။  ကားစီးရင် ခါးပတ်ကြိုးမတပ်ချင်တဲ့မောင် ၊ ဦးထုပ်ဆောင်းရင် ကြိုးတပ်ရမှာကို မနှစ်သက်တဲ့မောင် ၊ ဆိုဒ်ထဲသွားရင် safty shoes မစီးချင်တဲ့မောင် ..တကယ်လို့နောက်ဘ၀ဆိုတာရှိခဲ့လို့ မောင်ခုလိုအင်ဂျင်နီယာကြီးဖြစ်ခဲ့မယ်ဆိုရင် safty halmet လေးကို ကြိုးတပ်ပါမောင်ရယ်။

လွန်ခဲ့တဲ့နှစ်ရက် တိတိကျကျပြောရရင် မောင်ရက်လည်နေ့ ၊ မေတို့လက်မှတ်ထိုးမယ့်နေ့မှာ မေဒီအိမ်ကလေးကိုရောက်လာခဲ့တယ် ။ မောင့်မိဘတွေရော ၊ မေ့မိဘတွေပါ မေ့ကိုဝိုင်းဂရုစိုက်ကြပါတယ် မောင်ရယ် ။သူတို့ရင်ထဲက ပူလောင်သောကထက် မေ့ရင်ထဲက ပူပင်သောကကို သူတို့ပိုပြီးနားလည်စိုးရိမ်ခံစားကြတယ် ။ မေ့ကိုသူတို့မျက်စိအောက်ကအပျောက်မခံကြဘူး ။ ဒါပေမယ့် သူတို့သဘောမတူတဲ့ကြားကနေ မေ ဟာ မောင်နဲ့အတူတူနေမယ့်ဒီအိမ်ကိုလာခဲ့တယ် ။ အိမ်ကအမေကတော့ မေနဲ့အတူတူလိုက်အိပ်မယ်ပြောပေမယ့် မေတစ်ယောက်တည်းနေချင်လို့ မောင့်အရိပ်တွေထင်ကျန်နေတဲ့ဒီအိမ်ကလေးကိုလာခဲ့တာပါ မောင်ရယ် ။ ထင်တဲ့အတိုင်းပါပဲမောင်ရယ် ခြံလေးထဲကိုမေ့ကားလေးဝင်လိုက်တာနဲ့ မောင်နဲ့မေ အတူတူစိုက်ခဲ့ကြတဲ့ မေချစ်တဲ့နှင်းဆီပန်းပင်လေးတွေ......ရေလောင်းမယ့်သူမရှိတဲ့ ရက်သတ်တ တစ်ပတ်အတွင်းမှာ ညှိုးနွမ်းနေကြတယ်မောင် ။ မေတို့နောက်ဆုံးအိမ်ကလေးကိုလာခဲ့တုန်းက မောင်နဲ့မေ သောက်ခဲ့တဲ့အအေးခွက်ကလေးတွေ ၀ရန်တာက ခုံလေးပေါ်မှာတင်လျက်ပဲမောင် ။ မောင်ဘန်ကောက်သွားတုန်းက၀ယ်လာခဲ့တဲ့ မစ်ကီ ၊ မီနီ စုံတွဲခွက်ကလေးမှာ ခုတော့ မီနီတစ်ယောက်အဖော်မဲ့ပြီမောင် ။ မောင်နှုတ်ခမ်းနဲ့နောက်ဆုံးထိခဲ့တဲ့ ခွက်ကလေးကို မေ လက်နဲ့ပွတ်သပ်နေမိတယ် ။ မောင့်ကိုယ်သင်းနံ့လေးတောင်ရလာသလိုပါပဲလား မောင်ရယ် ။

ပန်းနုရောင်လွှမ်းနေတဲ့မင်္ဂလာဦးအိပ်ရာထဲမှာ ခုတော့ မေတစ်ယောက်တည်းပဲမောင် ။ မေနဲ့မောင်စိတ်ကြိုက်ရွေးချယ်ထားတဲ့ပန်းရောင်အပြင်အဆင်နဲ့အခန်းထဲမှာ မေလေ..မေတစ်ယောက်တည်းပါလား မောင်ရယ်...။ မှန်တင်ခုံပေါ်မှာ မောင်ကြိုက်တဲ့ wonderstruck ခရမ်းရောင်ရေမွှေးပုလင်းလေး ။ မောင်ရယ် ဘယ်လိုအင်အားမျိုးနဲ့ ဟောဒီလောကကြီးထဲမှာ မေကျန်နေခဲ့ရမှာလဲဟင် ။ ပန်းနုရောင်အိပ်ရာပေါ်မှာ မေတသိမ့်သိမ့်ရှိုက်ငိုရင်း မှောက်လှဲနေမိတယ် မောင်ရယ်.....။ မနက်ဖြန်တွေကိုမေဘယ်လိုရှေ့ဆက်ရမှာလဲ ။ အားပေးစကားသံ ၊ နှစ်သိမ့်တဲ့စကားတွေကို မေမကြားချင်ဘူးမောင်ရယ်.......ခုချိန်မေ အိပ်ပျော်လိုက်ချင်တယ် အိပ်မက်ကလေးထဲ မောင်လာမှာလားဟင် ။

လှိုက်ကာကြားကနေ မျက်နှာပေါ်ကိုထိုးကျလာတဲ့အလင်းနုနုကြောင့် မေ ဒီမနက်နိုးလာခဲ့တယ် မောင် ။ ဖုန်းကိုအသံပိတ်ပြီး နှစ်ညတိတိမေအိပ်ပျော်ခဲ့တယ် ။  မောင်မရှိတော့တဲ့နေ့ကနေ မောင်ရက်လည်တဲ့နေ့အထိ မေတစ်မှေးကလေးမှအိပ်မပျော်ခဲ့ဘူး ။ ငိုရလွန်းလို့ မောင်ချစ်တဲ့မေ့မျက်လုံးတွေ မို့ဖောင်းနေတယ် ။ ဗူးသီးလက်သည်းဆိတ်လေးလို့ မောင်ရှိရင်စဦးမယ်ထင်တယ် ။ ၀ရန်တာကိုထွက်ရင်း မောင်သောက်ခဲ့တဲ့ရေခွက်ကလေးမှာ ရေဖြည့်ရင်း မေ တစ်နေ့က၀ယ်လာခဲ့တဲ့ ဆေးလုံးလေးတွေ တစ်ထုတ်လုံးကို မေမျိုချလိုက်တယ် ။ လည်ချောင်းတစ်ခုလုံးပူလောင်အက်ကွဲတဲ့ဝေဒနာတွေစခံစားရတယ် မောင် ။ လည်ချောင်းကနေ ဆေးလုံးလေးတွေဆင်းသွားလိုက်တာ..မီးခဲကြီးမျိုချလိုက်ရသလိုပဲ မောင်ရယ်... ပြောရင်းဆိုရင်းအူလမ်းကြောင်းတောက်လျှောက်ပူလာပြီမောင်.........မောင်ရဲ့.......။
ခပ်ဝေးဝေးမှာဝိုးတိုးဝါးတားနဲ့ မောင့်ပုံကို မေမြင်ရတယ်...........မောင်....မောင်... မေ မောင့်ဆီကိုလိုက်လာခဲ့ပြီ........
မောင်ရယ်..........ရိုမီယို ဂျူးလိယက်ကိုအားကျလို့မဟုတ်ဘူး မောင့်ရဲ့မေဟာ အချစ်သူရဲကောင်းမကြီးလည်းမဟုတ်ရပါဘူး ........ မောင်မရှိတဲ့မနက်ဖြန်တွေမှာ မေတစ်ယောက်တည်းရှေ့ဆက်ရပ်တည်ဖို့ အင်အားမရှိတော့လို့ပါမောင်ရယ်.......။ မောင်မပါတဲ့ဘ၀ခရီးကိုတစ်ယောက်တည်းလျှောက်ဖို့မဖြစ်နိုင်လို့ပါ ။ မောင်မရှိတဲ့ ကမ္ဘာလောကကြီးထဲမှာ အသက်ရှင်ဖို့ မ၀ံရဲလို့ပါ ။ မောင်မရှိဘဲ လောကအလယ်မှာ တစ်ယောက်တည်းရပ်ကျန်ခဲ့ဖို့ခွန်အားမရှိလို့ပါ ။
မောင်သေရင် မေလိုက်သေမှာလို့ပြောတတ်တဲ့ မေ့ကို အရူးမလေးဆိုပြီးခေါင်းခေါက်ဦးမလားမောင်..................။
မေ့ရင်တွေအရမ်းပူတယ် မောင်ရယ် ......။ မေ့ကိုရေအေးအေးလေးတိုက်ပြီး ထွေးဖက်ပေးပါဦးနော်...မောင် ။ ။

Thursday, 9 May 2013

May God Bless You!!


လေပြည်သွေ့သွေ့တိုက်နေတဲ့ ညနေခင်းလေးမှာ လှိုင်းကြက်ခွပ်ကလေးများပြေးလွှားဆော့ကစားနေတဲ့ အင်းလျားကန်ရေပြင်ကြီးကိုငေးမောရတဲ့အရသာကို သူမနှစ်သက်လှပါသည် ။ ရုန်းကန်လှုပ်ရှားနေကြတဲ့လူမှုပတ်ဝန်းကျင်ကနေ ပြေးထွက်ပြီး ဒီနေရာလေးမှာ သူမ အပန်းဖြေစမြဲ ။ ဘ၀အမောတွေကြားက ရုန်းထွက်ဖို့ သူမအတွက်သီးသန့်ရှိနေသော ကမ္ဘာလေးပါပဲ ။ ကန်ဘောင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ရင်း တခါတခါရောင်စုံလူတွေကိုသူမငေးမိသေးသည် ။ တဟေးဟေး
တ၀ါးဝါးအော်ဟစ်ပျော်မြူးနေကြတဲ့ ဆယ်ကျော်သက်အုပ်စုလေးတစ်စု ။ ငယ်ရွယ်နုပျိုသော မျက်နှာလေးတွေကိုယ်စီနဲ့ ပေါ့ပါးလွတ်လပ်သောပျော်ရွှင်မှုတွေနဲ့အတူ သူမအားကျသလိုလိုတောင်ဖြစ်မိပါသည်။ထိုအုပ်စုလေးနောက်မှာ လက်ချင်းချိတ်သွားနေကြတဲ့စုံတွဲ ၊ ထီးလေးတစ်ချောင်းရဲ့အောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကမ္ဘာလောကကြီးတစ်ခုလုံးကိုလျစ်လျူရှုထားတဲ့စုံတွဲ ၊ ကလေးငယ်လေးနှစ်ယောက်လက်ကိုဆွဲရင်း အေးအေးလူလူလမ်းလျှောက်လာတဲ့မိခင်တစ်ယောက် ၊ အင်းလျားကန်ရေပြင်ကြီးကိုတောင်မငေးနိုင်လောက်အောင် အသည်းအသန်ဖုန်းပြောနေသောကောင်မလေးတစ်ယောက်  ကို သူမငေးမောရင်း သူမ စိတ်အေးလက်အေး
အတွေးနယ်ချဲ့နေမိပါတော့သည်။

ကန်ရေပြင်ကိုငေးလိုက် ၊ ပတ်ဝန်းကျင်ကိုငေးလိုက်ဖြင့် သူမထိုနေရာမှာပဲအချိန်အတော်ကြာအောင်ထိုင်နေမိသည်။ ငယ်ရွယ်နုပျိုစဉ်အခါက သူမ၏ဘ၀ကန်ရေပြင်ထဲကို လှိုင်းကြက်ခွပ်လေးထအောင် ခဲသေးသေးလေးနဲ့ပစ်ပေါက်ဖူးခဲ့သည့်လူတစ်ယောက်ကိုအမှတ်မထင်သတိရသွားမိပြန်သည် ။ အော်...ဘ၀ဆိုတာဒီလိုပါပဲလား ။ သက်ပြင်းမောတစ်ချက်ချရင်း သူမ အခုအချိန်ထိ ဘာလို့တစ်ယောက်တည်းဖြစ်နေရသလဲဆိုတဲ့ မေးခွန်းကို
သူမကိုယ်သူမ ပြန်မေးကြည့်လိုက်မိသည် ။ သူမဟာ နောင်နှစ် အေပရယ်လရောက်ရင် နှစ်ထိပ်စီးအသက်ကိုနှုတ်ဆက်ရတော့မယ်။ အောင်မြင်သောစီးပွားရေးတစ်ခု ၊ ကိုယ့်ဘေးကရပ်တည်ပေးမယ့် မိသားစုတစ်စု နဲ့အတူ သဘာဝတာဝန်ကိုကျေပွန်သင့်တဲ့အသက်အရွယ်ကိုသူမရောက်ရှိနေပေမယ့် ခုချိန်ထိ သူမတစ်ယောက်တည်းပဲရှိနေတုန်းပါပဲ ။ အတွေးလွန်နေတုန်းမှာပဲ တစစနဲ့ မှောင်လာတဲ့ ပတ်ဝန်းကျင်ကို သူမသတိထားမိလိုက်သည် ။ အိမ်ပြန်ရင်အချိန်တန်လေပြီ။ အင်းလျားရဲ့လေပြည်တွေက သူမကိုအိမ်မပြန်အောင်ဆွဲဆောင်နေပေမယ့် အချိန်တန်ပြီမို့ ထိုင်နေရာမှထရင်း အင်းလျားရဲ့နေ၀င်ဆည်းဆာကိုစွန့်ခွာကာ သူမကားရပ်ထားတဲ့နေရာကို လမ်းလျှောက်လာစဉ် ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခပ်လိုက်မိသည်။ မှောင်စပျိုးနေတဲ့ အင်းလျားရဲ့ညနေခင်းမှာ သူမမှတ်မိနေသေးတဲ့မျက်နှာတစ်ခု အပြင် ထိုမျက်နှာနဲ့ပုံစံတူ မျက်နှာသေးသေးလေးတစ်ခု ၊ ချစ်ခင်နှစ်လိုဖွယ်ရာမျက်နှာပေးလေးနဲ့ အေးချမ်းလှတဲ့ မျက်နှာလှလှလေးတစ်ခုကိုပါ သူမထပ်တွေ့လိုက်ရပါသေးသည်။

ငယ်ချစ်ဟောင်းနဲ့လမ်းမှာတွေ့ရင် ဘယ်လိုနှုတ်ဆက်မလဲဆိုတဲ့ အတွေးမျိုးကိုသူမ ခဏခဏတွေးဖူးခဲ့သည် ။ အောင်နိုင်သူအပြုံးနဲ့နှုတ်ဆက်ရအောင် သူမဟာအောင်နိုင်ခဲ့တဲ့သူမဟုတ်ဘူး ၊ ချာခနဲနှုတ်မဆက်ဘဲနေရအောင် ဆုံးရှုံးခဲ့တဲ့သူလည်းမဟုတ်။ ရှေ့ဆက်ဖို့မဖြစ်နိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်ကို နှစ်ဦးသဘောတူအဆုံးသတ်ခဲ့ကြသည်။ ဟောဒီအင်းလျားရေပြင်ဘေးက ထိုင်ခုံလေးတစ်ခုမှာပဲ အနိုင်အရှုံးမဲ့စွာ လက်ပြနှုတ်ဆက်ခဲ့ကြသည် ။ အသက်ထက်ချစ်ခဲ့ပေမယ့် ဘ၀ရဲ့ငြင်းပယ်မရသော ကံကြမ္မာအတွက် သူမတို့နှစ်ယောက်နားလည်စွာလမ်းခွဲခဲ့ကြသည်။ ဆယ်စုနှစ်တစ်ခုစာ မျက်နှာချင်းမဆိုင်ဖြစ်ကြပေမယ့် သတင်းစကားလေးတွေကြားစမြဲပါပဲ ။ အတတ်နိုင်ဆုံး ပွင့်လင်းဖြူစင်တဲ့ မျက်နှာပေးနဲ့ သူမ သူတို့မိသားစုကိုပြုံးပြနှုတ်ဆက်လိုက်သည်။ချစ်စဖွယ်ကလေးမလေးကတော့ အဖေတူ သမီးလေး ။ တီတီတာတာပြောတတ်တဲ့အရွယ်မို့လို့ မိဘတွေချစ်ခင်မြတ်နိုးလိုက်မယ့်ဖြစ်ခြင်း ။ သူ့ရဲ့အမျိုးသမီးကလည်း သူ့အပေါ်ချစ်ခင်တွယ်တာတဲ့မျက်ဝန်းများနဲ့စိုက်ကြည့်လို့ ။ သူမ ရဲ့မင်္ဂလာသတင်းဘယ်တော့ကြားရမလဲလို့တောင်နောက်လိုက်သေးတယ်။ သူမကတော့ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလိုပဲ မကြာမီ ၊ လာမည် ၊ မျှော် လို့ပဲ ပြန်ပြောလိုက်မိပါသည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က သူနဲ့သူမ နှစ်ဦးသဘောတူလမ်းခွဲခဲ့တယ်ဆိုပေမယ့် သူမကန်ဘောင်ဘေးမှာပဲရှိုက်ကြီးတငင်ငိုခဲ့ဖူးသည်။ သူမရဲ့ခန္စာကိုယ်အလေးချိန်တစ်ဝက်လောက်ကျသွားအောင်အထိ မစားနိုင်မသောက်နိုင် အသဲကွဲခဲ့ဖူးတယ်။
အချိန်၏ ကုစားမှု အပြင် ဘုရားသခင်ရဲ့အလိုတော်အတိုင်းပဲလို့မှတ်ယူနိုင်ခဲ့လို့ သူမ တဖန်ပြန်လည်ရှင်သန်နိုင်ခဲ့သည် ။ ဘာသာတူတဲ့ သူ တစ်ယောက်နဲ့လက်ထပ်လိုက်ပြီလို့ သတင်းကြားတဲ့အချိန်မှာ သူမ တစ်ခေါက်ထပ်ငိုပြန်သေးသည် ။ မင်္ဂလာဆောင်ဖိတ်စာလေးကိုကြည့်ရင်း မျက်ရည်တသွင်သွင်စီးကျလာသည်။ အဲဒီနေ့ညက မယ်တော်မာရီရှေ့မှာ ဒူးထောက်ထိုင်ရင်း အစစအရာရာအဆင်ပြေစေဖို့ အာရုံမိုးသောက်အချိန်ရောက်အောင်အထိ ဆုတောင်းပေးခဲ့ဖူးသည်။
သူမ အပါအ၀င် မဆုံးရှုံးဖူးတဲ့လူသားဆိုလို့ လောကကြီးထဲမှာတစ်ဦးတစ်ယောက်မျှမရှိ ။ သူမယုံကြည်ရာ ခရစ်တော်တောင်မှာ ဆုံးရှုံးခြင်းကို မလွတ်မြောက်နိုင်ခဲ့ပေ။ သမ္မာကျမ်းစာဖတ်ရင်း ၊ ပုတီးစိတ်ရင်း သူမပြန်လည်တည်ငြိမ်လာခဲ့ရပါသည်။

ကားမောင်းနေရင်းစီးကျလာသော မျက်ရည်တချို့ကိုသူမသုတ်ချင်စိတ်မရှိ ၊ ကားကိုလမ်းဘေးတစ်နေရာမှာထိုးချလိုက်ပြီး ရှိုက်ကြီးတငင်ငိုကြွေးနေမိသည်။သူမ  မဆုံနိုင်အောင်ဝေးခဲ့ကြလို့ ရှိုက်ကြီးတငင်ငိုကြွေးမိတာမဟုတ်..သူမကြည်ဖြူစွာလက်ခံရွေးချယ်ခဲ့တဲ့လမ်းအတွက် နောင်တရစရာမရှိဘူးလေ ။ မနာလို ၀န်တိုစိတ်ကြောင့် ငိုကြွေးရခြင်းလည်းလုံးဝမဟုတ်ပါဘူး ။ သူမရင်ဘတ်ထဲမှာ သူနဲ့ (သူတို့မိသားစုနဲ့ပက်သက်ပြီး) မနာလိုခြင်း ၊ သ၀န်တိုခြင်း ၊ အားကျခြင်း ၊ သူမကိုချန်ထားခဲ့လေပြီး တခြားသူကိုရွေးရက်လေခြင်းဆိုတဲ့ ခံစားချက်မျိုးလုံးဝမရှိခဲ့ပေ ။ သူတို့၏မင်္ဂလာသတင်း ၊ သမီးလေးမွေးတယ်ဆိုတဲ့သတင်းတွေကို သူမကြည်နူးဝမ်းသာစွာကြားခဲ့ရသည် ။ နှစ်ကာလ အတော်အတန်ကြာအောင် သူမရဲ့ရင်ထဲမှာရှိနေခဲ့ဖူးတဲ့သူဆိုတဲ့ အတ္တလေးတစ်ခု မရှိတော့ဘူးဆိုပြီး သူမ၀မ်းနည်းကြေကွဲခြင်း ၊ ရှိုက်ကြီးတငင်ငိုကြွေးခြင်းပင်ဖြစ်လေသည်။

အတ္တတစ်ခုနိဂုံးချုပ်ပြီးနောက်မှာ နောက်အတ္တတစ်ခုအစပျိုးဖို့သူမအဆင်သင့်ဖြစ်နေခဲ့သည် ။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ သူမမိဘများသဘောတူတဲ့ ကိုအောင်မြင်ဟိန်းဆိုသူနဲ့ ဧမာနွေလဘုရားကျောင်းမှာ သူမလက်ထပ်ခဲ့သည်။
May God Bless You!!!

http://www.youtube.com/watch?v=RbL8IMmm3oo

မကြည်ကြည်ရဲ့ အဝေးကြီးပါပဲ ဆိုတဲ့ပိုစ့်လေးရယ် ရေးလက်စပိုစ့်လေးတစ်ခုရယ်ကိုပေါင်းပြီး May God Bless you ပိုစ့်လေးဖြစ်လာခဲ့ရပါတယ် ။ မကြည်ကြည်ကို credit ပေးပါတယ်နော် ။

Tuesday, 7 May 2013

သို့(၂)

မေမေရယ်...

မေမေ့ကိုသမီးသတိရလို့ဖုန်းဆက်တာပါ ။ သမီးအလုပ်ထဲမှာစိတ်ညစ်စရာတွေများလွန်းလို့ မေမေ့ကိုဖုန်းဆက်တာပါ ။ မေမေ့ဆီက အားပေးစကားလေးကြားချင်လို့ဖုန်းဆက်တာပါ ။
မေမေ သမီးကို သတိမရဘူး ဖုန်းမဆက်ဘူးလို့ ပြောမိတာလေးပါ ။ မေမေရယ်... miss call လေးပေးဖို့တောင်မအားရဘူးလား ။ မေမေဖုန်းထဲမှာ အာရုံမရှိဘူး ။ သမီးဖုန်းဆက်တာကို မေမေ၀မ်းမသာဘူး ။ သမီးလွမ်းလို့ဖုန်းဆက်တာကို မေမေ မသိဘူး ။ သမီးဖုန်းဆက်တော့ မေမေ့စိတ်ထဲမှာ ဒေါသခိုးတွေဝေနေလိုက်တာ မေမေရယ်...။ အဝေးကနေ သမီးဖုန်းဆက်ရတာကို မေမေတန်ဖိုးလည်းမထားဘူး ။ နားလည်းမလည်ဘူး ။ သမီး မေမေ့ကိုသိပ်သတိရတယ် မေမေရယ်..။

သမီးမေမေ့အတွက်ကဗျာတစ်ပုဒ်ရေးထားတယ် ။ အဲဒီကဗျာလေးရေးပြီးတဲ့နောက်မှာ အရမ်းသတိရလာလို့ မေမေ့ကိုဖုန်းဆက်တာပါ ။ ပါပါ ဆီက နင့်အကြောင်းတွေအမြဲမေးတယ်ဆိုပြီး နောက်ကွယ်ကနေ မေးမှာထက် သမီးဆီက တိုက်ရိုက်မေးတာ ပိုမကောင်းဘူးလား မေမေ ။ မေမေဟာ သမီးအပေါ်မှာ မကြင်နာဘူးလို့ သမီး အားမနာပ ပြောတာမဟုတ်ပါဘူး မေမေ ။ မေမေဟာ သမီးအပေါ်မှာ ဘယ်တုန်းက မှမကြင်နာခဲ့ဘူး ။ သမီးဟာအဝေးတစ်နေရာမှာ အစစအရာရာအဆင်ပြေနေတယ်လို့ မေမေထင်လို့လား ။ သမီး အိမ်ကိုလည်းမပြန်ချင်တော့ဘူးမေမေ ။ မေမေ့အတွက် မေမေ့ညီမ ၊ မေမေ့အလုပ် သာအရေးကြီးဆုံးပါ ။ သမီးတို့က အေ၇းမကြီးဘူး ။

သုံးလတာဖုန်းမဆက်တဲ့သမီးကို....မေမေနွေးထွေးမှုတွေမပေးနိုင်သေးဘူးနော်။ မေမေရယ်... သမီးဟာ မေမေ့ကိုအပူတွေသောကတွေမပေးတဲ့သမီးပါ ။ သမီးဟာဘ၀မေ့ပြီး ပျော်ပါးနေတယ် ၊ မိဘကိုမိဘလို့မမှတ်ဘူးလို့ မေမေစွပ်စွဲတယ်နော် ။ မေမေ သမီးဘ၀ ဒီမှာအရမ်းကြမ်းတယ် မေမေ ။ အလုပ်ထဲမှာအနိုင်ကျင့်တဲ့သူတွေနဲ့နေရတဲ့အပြင် ၊ သမီးတစ်ယောက်တည်း ကကြီးကနေ အ.. အထိ အစစအရာရာကို သမီးရုန်းကန်ရတယ် မေမေ ။ လစဉ်လစဉ်ပိုက်ဆံ သမီးအမေ့ကိုပေးတယ် ။ အမေ ဘာလုပ်လဲသမီးတစ်ခါမှမမေးဖူးဘူး ။မေးရင်လည်းနင်နဲ့မဆိုင်ဘူးလို့ပဲ အမေ ခါးခါးသီးသီးတုန့်ပြန်တတ်တယ် ။ လူရာမသွင်းဘူးလား မေမေ..။

မေမေသမီးကိုသတိမရဘူးလားမေးတော့...။ နင်ပေးတဲ့ပိုက်ဆံနဲ့လောက်မလောက်နင်တစ်ခါမှမမေးဘူးလို့ အမေပြန်မေးတယ်..။ မေမေ သမီးပေးတဲ့ပိုက်ဆံဟာ ရွှေတစ်ကျပ်သားဝယ်လို့ရတယ် မေမေ ။ သမီးသိပ်ဝမ်းနည်းတာပဲ ။ မိသားစုလေးယောက်မှာ အဖေ၀င်ငွေ အပြင် မေမေ့ဝင်ငွေပါရှိတယ် ။ သမီးပေးတဲ့ပိုက်ဆံဟာ မြန်မာပြည်မှာနေပြီး ၀င်ငွေရှိနေတဲ့လူတစ်ယောက်အတွက်မလောက်စရာအကြောင်းမရှိပါဘူးမေမေ ။ မေမေဟာ လောင်းကစားလုပ်တတ်တဲ့သူတစ်ယောက်လည်းမဟုတ်ဘူး ။ သမီးတို့တွေဟာလည်းဆင်းရဲမွဲတေနေကြတဲ့သူတွေမဟုတ်ဘူး ။ မေမေရယ်...သုံးလကြာဖုန်းမဆက်တဲ့သမီးကို အဆင်ပြေရဲ့လားမမေးဘဲ နင်ပေးတဲ့ပိုက်ဆံနဲ့လောက်မလောက် မမေးဘူး ဆိုပြီး မေမေ မေးရက်တယ်နော်..။ သမီးပြန်မေးတယ်..။ မေမေ သမီးကို စားစရာသောက်စရာလေးတစ်ခါလောက်ပို့ပေးဖူးလားဆိုတော့... မေမေ ဖုန်းချသွားတယ် မေမေဖုန်းမကိုင်တော့ဘူး ။ ရက်စက်လိုက်တာ မေမေရယ်.....။

 မေမေမှာ ဘဏ်မှာအပ်ဖို့ပိုက်ဆံရှိတယ် ။ မေမေ့ညီမကိုပိုက်ဆံချေးဖို့စေတနာရှိတယ် ။ အဝေးက သားသမီးအတွက် စားစရာသောက်စရာလေးတခုတ်တရပို့ပေးချင်တဲ့စေတနာမရှိဘူး မေမေ ။ မေမေ ဟာ မေမေ့ဆွေမျိုးတွေနဲ့ ဘုရားဖူးသွားဖို့အချိန်ရတယ် ။ သမီးအတွက်အချိန်မရဘူး ။ မေမေ့ညီမကို မေမေ ညတိုင်းဖုန်းဆက်တယ်..သမီးကိုဖုန်းဆက်ဖို့မေမေအချိန်မရဘူး ။ မေမေချစ်တဲ့မေမေ ညီမ ဟာ မေမေအဆင်မပြေရင် မေမေမွေးထားတဲ့ သားသမီးတွေလောက် မေမေ့အပေါ်မှာဂရုစိုက်မှာမဟုတ်ဘူး ။ မေမေတွယ်တာတဲ့အလုပ်ဆိုတာ မေမေပင်စင်ယူပြီးရင် မေမေ့ကိုထမင်းလည်းမကျွေးတော့ဘူး ။ နောက်လှည့်ကြည့်တော့မှာလဲမဟုတ်ဘူး ။ မေမေ့သားဟာ အချိန်တန် မိန်းမယူရင် မိသားစုနဲ့အချိန်ကုန်မှာ ။ မေမေ့ကိုတစ်သက်လုံးဂရုစိုက်သွားမှာ မေမေ တန်ဖိုးမထားတဲ့ ၊ မေမေမချစ်တဲ့ဟောဒီက သမီးပါပဲ ။ မေမေပစ်ပယ်ထားတဲ့ဟောဒီက သမီးပဲ ။ မေမေ့ကိုအပြစ်လည်းမတင်ချင်ဘူး ။ အပြစ်လည်းမမြင်ဘူးမေမေ...။ မေမေပဲမှန်ပါတယ်..။

လောကကြီးမှာ... သားသမီးတစ်ယောက်ဟာ ..အချိန်တန်ရင်ပိုက်ဆံပို့ရမယ်.. မေမေ့ကိုဖုန်းမှန်မှန်ဆက်ရမယ်.. မေမေ့အတွက်လိုအပ်တာဝယ်ပေးရမယ်... မေမေ့သဘောတူတဲ့သူကိုယူရမယ်..အမြဲတမ်းမေမေ့ကိုအောက်ကျို့ခံရမယ်...။ ဒါဟာ သားသမီးတစ်ယောက်အတွက်တရားသလားမေမေ ။ မေမေ့ကိုပိုက်ဆံပို့ရတာ သမီးမငြိုငြင်ဘူး..ဒါပေမယ့် သမီးအပေါ်မှာနွေးထွေးပေးပါ ။ သမီးအတွက်ပိုက်ဆံဆိုတာအမြဲပိုလျံပါတယ်..။ မေမေ့ကိုဖုန်းမှန်မှန်ဆက်ပါ့မယ်..မေမေသမီးဖုန်းခေါ်တိုင်းပြန်ကိုင်ပြီး သမီးစိတ်ညစ်စရာလေးတွေကို နားထောင်ပေးပါ ။ မေမေသဘောတူလောက်မယ့်လူကိုရွေးထားလို့.....မေမေကျေနပ်မှာပါ ။ မေမေ့အတွက်လိုတာလေးတွေဝယ်ပေးပါ့မယ်..သမီးကိုလည်းတခုတ်တရ စားစရာသောက်စရာလေးတွေပေးပါ..။ မေမေ့လက်ရာကိုသမီးစားချင်လွန်းလို့ပါ ။ မေမေ့ကိုလည်းအမြဲတမ်းအောက်ကျို့ခံပါ့မယ် သမီးခံစားချက်တွေကိုနားလည်ပေးပါ ။  မေမေ...ဒါတွေဟာ သမီးပြောစရာလိုအပ်တဲ့ဟာတွေမဟုတ်ပါဘူး ။ သမီးစိတ်ထင် မိဘတိုင်းသားသမီးအပေါ် ပြုမူနေကျဟာတွေပါပဲ..။

မေမေရယ် သမီးမေမေဟာ အဲလိုမလုပ်တတ်ဘူး မှန်ပါတယ် မေတ္တာကိုမဖော်ပြတတ်ဘူး လက်ခံပါတယ် ဒါပေမယ့် အရွယ်ရောက်နေပြီဖြစ်တဲ့ အဝေးမှာနေရပြီး မိဘကိုဒုက္ခမပေးဖူးတဲ့သားသမီးကို မေမေကြင်နာနွေးထွေးပေးပါ ။ တစ်နှစ်တစ်ခါအိမ်ပြန်လာပါ့မယ်..မေမေသမီးကိုကြိုနေပေးပါ..။ ခုတော့ မေမေရယ်...သတိရလို့ဖုန်းဆက်တယ်... ကားပေါ်မှာသမီး ငိုမိတယ်.... မေမေဟာ အရင်လိုစိမ်းကားတုန်း အရင်လိုမာနတွေကြီးတုန်းပဲ ..။ ကမ္ဘာလောကကြီးတစ်ခြမ်းလုံးက မေမေ့ကိုလေးစားရတဲ့လူတွေပါ..။ ကျန်တဲ့တစ်ခြမ်းက မိသားစုလေးကို မေမေနွေးထွေးမှုပေးပေးပါ ။ ပိုက်ဆံရှာပြီး မိသားစုကိုအလေးထားတဲ့ သမီးပါပါ ကိုမေမေ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးပါ..။ ဘ၀ကြီးကတိုတိုလေးပါ မေမေရယ်..မိသားစုလေး လေးယောက်ပဲရှိတယ်..။ တစ်ယောက်အပေါ်တစ်ယောက်နွေးနွေးထွေးထွေးရှိတာမကောင်းဘူးလား ။

ဆင်းရဲထမင်းဆင်းရဲဟင်းကိုစားတုန်းကတောင် သမီးမေမေဟာ သမီးတို့အပေါ်ကြင်နာဖူးခဲ့ပါတယ် ။ ခုတော့.. မေမေလည်း မေမေ့အလုပ်တာဝန်ကြီးကိုထမ်းပြီး ၀င်ငွေကောင်း ၊ ပါပါလည်း သူ့အလုပ်နဲ့သူဝင်ငွေကောင်း ၊ သမီးလည်းကိုယ့်အလုပ်နဲ့ကိုယ် ၀င်ငွေတွေရှိနေတဲ့အချိန်ကျမှ..............။
မေမေဟာ မိသားစုအဝေးမှာနေရပြီး အလုပ်တာဝန်တွေများ ၊ မောင်လေးကိုထိန်းရတဲ့အတွက် မောမှန်းသမီးသိပါတယ် မေမေရယ်..။ ပါပါလည်းနားလည်ပါတယ် ။ သမီးလည်းမေမေ့အပေါ်နားလည်ပါတယ် ။ မေမေ့ကိုအရမ်းလည်းချစ်ပါတယ် ။ မေမေ့အပေါ်မှာ သမီးမှာအပြစ်တစုံတရာ ရည်ရွယ်ပြီးဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ လုပ်မိရင် သမီးရှိခိုးတောင်းပန်ပါတယ် မေမေရယ်.......ခွင့်လွှတ်ပါ..။ သမီးမေမေ့ကိုဖုန်းမဆက်ချင်ဘူး မေမေရဲ့စိမ်းစိမ်းကားကားစကားတွေကို သမီးအရမ်းကြေကွဲတယ်....။ ဒါပေမယ့် မေမေ့ကိုသမီးဖုန်းဆက်မှာပါ .....။


မနက်ဖြန်တိုင်းမှာ

မေမေ
ခါးသီးလွန်းတဲ့တစိမ်းတွေရဲ့အလယ်မှာ
အားငယ်စိတ်ကလေးဝင်လာရင်
မေမေ့အားနဲ့ ရှေ့ဆက်ခဲ့ဖူးတယ်

မေမေ
မောပန်းလွန်းတဲ့နေ့ရက်တွေမှာ
ဒေါသစိတ်နဲ့ လောင်မြိုက်ခဲ့ရင်
အသိတရားနဲ့ရှေ့ဆက်ခဲ့ဖူးတယ်

မေမေ
သောကပွေတဲ့လောကအလယ်မှာ
ပူဗျာဝေလာရင်
မေမေ့မေတ္တာနဲ့ရှေ့ဆက်ခဲ့ဖူးတယ်

မေမေ
ရင်အစုံဖွင့်လို့ အံကုန်ရွက်လွှင့်ခဲ့ပေမယ့်
အတောင်မစုံတော့ ခါးချိတယ်
ခွန်အားတစ်ချို့ငတ်မွတ်မိတယ် မေမေ

မေမေ
လွမ်းဆွတ်တမ်းတစိတ်ကိုမျိုသိပ်နိုင်ပေမယ့်
မဖြစ်မနေဆိုတဲ့ခေါင်းစဉ်နဲ့အတူ
လှိုက်စားနေတဲ့ရင်ဘတ်ကြီးကိုသနားမိတယ် မေမေ

မေမေ
အလင်းရောင်တစ်ခုမဟုတ်ပေမယ့်
တည်ရှိနေတယ်ဆိုတဲ့ အသိနဲ့အတူ
ဘ၀တစ်ခုလုံးတောက်ပနေတယ် မေမေ

မေမေ
နွေးထွေးမှုမဲ့ကမ္ဘာမှာ သိမ်ငယ်စိတ်တို့ဝင်လာတိုင်း
မေမေရှိနေတယ်ဆိုတဲ့အသိနဲ့အတူ
မနက်ဖြန်တိုင်းမှာ မငိုတော့ဘူး မေမေ ။ ။




ချစ်တဲ့
သမီး

Sunday, 5 May 2013

သို့(၁)

သို့ 

မေမေ
နေကောင်းရဲ့လား ။  မေမေကျန်းမာချမ်းသာဖို့ဆုတောင်းနေပါတယ် ။ မေမေနဲ့ဖုန်းမပြောဖြစ်တာလည်းကြာပြီလေ ။ သမီးလည်းနေကောင်းပါတယ် မေမေ။ 
မေမေ့ကို သမီးအရမ်းသတိရပေမယ့် မေမေနဲ့ဖုန်းမပြောချင်ဘူး ။ သမီးဖုန်းခေါ်တိုင်း မအားတဲ့ မေမေ
သမီးပိုက်ဆံပို့ပေမယ့် ဘယ်တော့မှအသိအမှတ်မပြုတဲ့မေမေ ၊ မေမေဘာလုပ်နေလဲမေးရင် မကြိုက်တဲ့မေမေ ၊ မေမေ အဆင်ပြေလားမေးရင် မကြိုက်တဲ့မေမေ ၊ သမီးနေမကောင်းဘူးလို့ပြောရင်ကျန်းမာရေးဂရုစိုက်ဖို့မမှာတတ်တဲ့မေမေ......... မေမေရယ်..မေမေသမီးကိုချစ်ရဲ့လားဟင်......။

တချို့အမေတွေက သားသမီးအပေါ်မှာသိပ်နားလည်တယ်မေမေ..။ မေမေကော သမီးအပေါ်မှာနားလည်လား နားမလည်ဘူးလား သမီးမသိဘူးမေမေရယ်..။ မေမေ့စိတ်ကိုသမီးနားမလည်ဘူး ။ သမီးက အရာအားလုံးကိုရင်ထဲမှာမြုံထားတတ်တဲ့အမြုံပါ ။ သမီးမေမေ့အပေါ်စိတ်ကွက်မိတာတွေ သမီးခံစားရတာတွေကို ဘယ်တော့မှမပြောပြခဲ့ဘူး ။
မေမေရယ်..မေမေ့ရဲ့ မေတ္တာကိုသမီးခံစားနားလည်ပေမယ့် သမီးအပေါ်မှာ မေမေ ဘယ်တော့မှကြင်နာမှုကိုမပြခဲ့ဖူးဘူး ။ သမီးဟာဘယ်အရွယ်ရောက်ရောက်မေမေ့သမီးပါ မေမေရယ်..။ မေမေက သမီးကိုစိတ်ဓာတ်တွေရင့်ကျက်မာကျောအောင် အများကြီးသင်ပေးခဲ့ပေမယ့် သမီးဟာ မေမေ့စံကိုလိုက်မမှီတဲ့သမီးပါ ။ သမီးဟာ အင်မတန်ပျော့ညံ့ပါတယ် မေမေ။ 
မေမေ့ရဲ့ မေတ္တာကိုသမီးတမ်းတပါတယ် ။ အမြဲတမ်းသမီးချည်းပဲဖုန်းဆက်ဆက်နေရတာတွေ ၊ တိုးတိုးဖော်ဆိုပြီး သမီးကိုမတိုင်ပင်တတ်တာရယ်..။ သမီးကို အားမကိုးတာတွေရယ်ဟာ သမီးကိုတော်တော်စိတ်ဆင်းရဲစေပါတယ် မေမေ ။ မေမေဟာ မေမေ့လုပ်ငန်းခွင်မှာအောင်မြင်တဲ့သူ ၊ လူတိုင်းလေးစားရတဲ့သူပါ ဒါပေမယ့် မေမေ သမီးတို့ရဲ့ခံစားချက်ကိုလျစ်လျူရှုခဲ့တယ် ။ သမီးကို မေမေမချစ်ဘူးလို့သမီးစွပ်စွဲရင် မေမေလက်ခံမှာမဟုတ်ဘူး ။ အဝေးရောက်နေတဲ့သမီးကို
မေမေ ဖုန်းကလေးတစ်ချက် miss call မပေးဘူး ။ သမီးဖျားနေလား သေသွားပြီလား မေမေဂရုစိုက်ပြီးတစ်ချက်ကလေးမှမမေးဘူး ။ သမီးကိုအဲလောက်တောင်စိတ်ချလားဟင် ။ လစဉ်ပိုက်ဆံပို့ရင်တောင်မှ ပိုက်ဆံရကြောင်း အသိလည်းမပေးဘူး ။ ပိုက်ဆံမပို့ရင်လည်းဘာလို့မပို့ဘူးလည်း သမီးကိုမမေးဘူး ။ သမီးအပေါ်မှာဘာလို့အဲလောက်တောင်စိမ်းကားရတာလဲမေမေ ၊ သမီးဟာ အမေ့ရင်ထဲက ဖြစ်လာတဲ့သမီးပါ မေမေမွေးထုတ်ထားပေးတဲ့သမီးအရင်းခေါက်ခေါက်ပါ ။ စနစ်တကျပုံသွင်းထားတဲ့သားသမီးမို့စိတ်ချတယ်ဆိုပေမယ့် ..မေမေရယ် သမီးဟာစက်ရုပ်မဟုတ်ပါဘူး။ သမီးအလုပ်ထဲမှာအရမ်းပင်ပန်းလာရင် မေမေ့နွေးထွေးမှုကိုလိုချင်ပါတယ် ။ 

ခုသမီးစိတ်ညစ်စရာရှိရင်လည်းမေမေ့ကိုမပြောဘူး ။ ဖြစ်ချင်တာတွေရှိရင်လည်းမေမေ့ကိုမပြောဘူး ။ လိုချင်တာတွေရှိရင်လည်းမေမေ့ကိုမပြောဘူး ။ စားချင်တာတွေရှိလည်းမေမေ့ကိုမပြောဘူး ။ မေမေ့ကိုဖုန်းမဆက်ဘူး ။ လစဉ်ပိုက်ဆံပို့တယ် ။ မေမေပျော်လားဟင်...။ သမီးအဆက်အသွယ်မလုပ်ဘဲထားတာ မေမေပျော်လား ။ မေတ္တာဆိုတာအသွားအပြန်ရှိပါတယ် မေမေ ။ မေမေ့ကိုသမီးသိပ်ချစ်ပါတယ် ။ ဒါပေမယ့် မေမေက သမီးကိုမချစ်ဘူး ။ သမီးအဆင်ပြေမပြေ ကျန်းမာ မမာ ၊ သမီး အိမ်လွမ်းလို့ငိုနေလားမေမေမသိဘူး ။မေမေသမီးကိုမမေးဘူး ။ သမီးမေမေကိုလွမ်းတယ် ဒါပေမယ့် သမီးအဆက်သွယ်မလုပ်ဘူး ။ သမီး မေမေ့ဆီကိုဖုန်းမဆက်တာ သုံးလကျော်ပြီ မေမေ..။ မေမေလွမ်းနေမလား....??  သမီးတော့သိပ်လွမ်းတယ် မေမေ ။ 

သတိရလျက်
သမီး

Wednesday, 1 May 2013

တရားခံ

(ထမင်းစားပြီးမှ ဖတ်ပါရန်)
အောက်သိုးသိုးအနံ့ကြီးကြောင့်စိတ်တော်တော်ညစ်ရသည်။ အဲဒီအနံ့ကြီးကြောင့်ပဲ ခေါင်းတွေလည်းမူးလှပြီ ။ စိတ်တွေလည်းမကြည်မလင်ဖြစ်လွန်းလှပြီ ။ ပြသနာက တစ်သက်လုံးပြသနာမရှိဖူးခဲ့တဲ့ ဂျိုင်းက စသည် ။ အသန့်အပြန့်ကြိုက်တဲ့အပြင် အမွှေးအကြိုင်ကြိုက်တဲ့ ကျမအတွက် ဂျိုင်းမှာ ချွေးနံ့လိုလို အောက်သိုးသိုးအနံ့လိုလိုနဲ့ ဘာအနံ့မှန်းကိုမသိ တ်ာတော်ကြီးကိုစိတ်ပျက်စရာကောင်းပါသည်။ အနံ့ကိုခွဲခြမ်းစိတ်ဖြာရလျင်

(၁)နေပူကြဲတဲအောက်က ဖုန်တထောင်းထောင်းထနေတဲ့နေရာမှာ တစ်နေကုန်တစ်နေခန်း နေထားတဲ့ လူတစ်ယောက်ဆီက နံတဲ့အနံ့မျိုးလား

(၂) အပူအစပ် ၊ အနံ့ပြင်းပြင်း အစားအစာတွေစားထားတဲ့သူဆီက နံတဲ့အနံ့မျိုးလား

(၃)ရေမွှေးအပေါစား ၊ roll on အပေါစားသုံးပြီး ချွေးနံ့နဲ့ရောသွားတဲ့အနံ့မျိုးလား

(၄) personal hygiene ညံ့လွန်းတဲ့ ညစ်ညစ်ပတ်ပတ်နေတတ်တဲ့သူဆီက နံတဲ့အနံ့မျိုးလား

မဟုတ်ရပါ..မဟုတ်ရပါဘူး ။ ကျမအလုပ်က အဲကွန်းခန်းထဲမှာ တစ်နေကုန်တစ်နေခမ်းနေရတဲ့အလုပ် ။
အပူအစပ် အနံ့ပြင်းတဲ့အစားအစာတွေကိုလည်းစားခဲတယ် ။ ရေမွှေးရော roll on ပါ အကောင်းစားသုံးပါတယ်။ ပြီးတော့ တစ်နေ့ကိုရေနှစ်ခါမချိုးပေမယ့် ရေတစ်နေ့တစ်ခါမှန်မှန်ချိုးပါသည် ။ ရေချိုးတိုင်း ဆပ်ပြာနဲ့သေချာတိုက်ပါတယ် ။ (အနံ့ပြင်းလွန်းတဲ့ဆပ်ပြာတွေနဲ့မတည့်လို့ baby ဆပ်ပြာလေးနဲ့ပဲ သုံးပါတယ်) ။ အလုပ်ကပြန်လာပြီးတိုင်း ကိုယ်လက်ကိုသေသေချာချာဆေးပါတယ်။ အ၀တ်အစားတိုင်းကို တစ်ကြိမ်ပဲဝတ်ပြီးလျှော်ပါတယ် ။ ဘယ်တော့မှ နှစ်ခါသုံးခါပြန်ဝတ်လေ့မရှိပါဘူး ။
လွန်ခဲ့သော နှစ်တွေကလည်း ဒီအတိုင်းကျင့်သုံးလာခဲ့တာ ကျမကိုယ်မှာ အနံ့ဆိုးကင်းပါသည်။ လွန်ခဲ့သောလတွေအထိပေါ့ ..။ ဘာကြောင့်ဖြစ်လဲစဉ်းစားလို့မရ ။ roll on ပြောင်းသုံးသည်  ။ အဆင်မပြေ ။ အနံ့မပြင်းပေမယ့် ညှင်းသိုးသိုးအနံ့ကြီးက မပျောက် ။ ဘေးကလူတွေဘယ်လိုနေလဲမသိ ကျမတော့ တော်တော်ကြီးကိုခေါင်းကိုက်ပါတယ်။ ကိုယ့်အနံ့တောင်ကိုယ်မခံနိုင်ဘူးလေ..။ ဘာကြောင့်လဲ ဘာကြောင့်လဲ ။ အမွှေးအမျှင်လည်းရှင်းအောင်ထားပါတယ်။ ကျမရဲ့ တကိုယ်ရည်သန့်ရှင်းပုံမျိုးနဲ့ နံစရာအကြောင်းမရှိပါဘူး ။ မရှိတဲ့ကြားထဲကနေ နံနေတော့ စိတ်ညစ်လှပြီ ။ roll on အသုံးများလို့လားဆိုပြီး ညဘက်ကိုယ်လက်သန့်စင်ပြီးရင် roll on တခါတလေသုံးပေမယ့် မသုံးဘဲ တကိုယ်လုံးကို lotion အပျော့စားလေးလိမ်းတယ် ။ဘယ်လိုလုပ်လုပ်အနံ့နံနေတော့ စိတ်ညစ်ပြီး cityhall ကနေ ကျောက်ချဉ်တွေဝယ်လာပြီး သွေးလိမ်းပါတယ် ။ ဒါပေမယ့် အနံ့မပျောက်.. အောက်သိုးသိုးအနံ့ကြီးကရှိတုန်းပဲ ။ ဒီမနက် အလုပ်ကနောက်ကျတော့ တက်ဆီစီးပြီး အလုပ်အလာ  အသိကားသမားကြီးကပြောပါတယ် ။ နင် laundry ကိုဘယ်လိုလုပ်လဲတဲ့..။ နေရောင်ကောင်းကောင်းရတဲ့နေရာမှာလှမ်းလားတဲ့..။ သူပြောမှပဲသတိရမိပါတယ် ။ ကျမအ၀တ်တွေအပြင်ထုတ်မလှမ်းတာကြာလှပြီ ။ ဒီအိမ်ကိုပြောင်းတည်းက အိမ်မှာလှမ်းစရာနေရာမရှိလို့ လျှော်ပြီးရင်အခန်းထဲက တန်းမှာပဲဒီအတိုင်းချိတ်ထားဖြစ်ခဲ့တာ တော်တော်ကြာပြီ ။ သူပြောမှပဲ ဂျိုင်းနံရခြင်း ပြသနာရဲ့ တရားခံကို ကျမရိပ်မိတော့တယ် ။ တစ်ပတ်တစ်ခါလျှော်တဲ့အ၀တ်တွေဟာ ၂၄ နာရီမှာ နာရီ ၂၀ လောက်ပိတ်ထားတဲ့အခန်းထဲမှာလှောင်ပြီး ချွေးနံ့လည်းမဟုတ်..အနံ့အသက်လည်းမကင်းတဲ့ ညှင်းသိုးသိုးအနံ့ကြီးဖြစ်နေခဲ့တာပေါ့ ။   အရင်က ထုတ်မလှမ်းဖြစ်တာကလဲ အပြင်မှာလှမ်းစရာနေရာမရှိတာရယ် အခန်းထဲမှာ တန်းအကြီးကြီးရှိနေတာရယ်ကြောင့်မလှမ်းဖြစ်တာပါ။ ခုတော့ ကျမကိုဒုက္ခပေးနေတဲ့တရားခံကိုမိပြီ ။
ဒီတစ်ပတ်အ၀တ်လျှော်ပြီးရင်တော့ အကုန်လုံးကို လေကောင်းလေသန့်ရတဲ့အိမ်ပြင်ကိုထုတ်လှမ်းမှဖြစ်တော့မယ် ။

Tuesday, 30 April 2013

ချိုမြိန်သောမိုက်မဲခြင်း


ကြင်နာတဲ့စကားတွေမရှိတဲ့အရပ်
ရင်နာမှုအပေါင်းတွေ စုနေတဲ့အရပ်
မင်းမရှိတဲ့ အဲဒီအရပ်
မင်းမလာတဲ့ အဲဒီအရပ်
ဘာမျှော်လင့်ချက်အတွက်
ရှင်သန်နေရမှာပါလိမ့်
မင်းအရိပ်တွေလွှမ်းနေတဲ့ ငါ့အတွေး
မင်းအရိပ်တွေထက်ကျန်နေဆဲ ငါ့ကမ္ဘာ
မင်းအနားမှာနေချင်တဲ့ ငါ့စိတ်
မင်းကိုမျှော်နေတဲ့ မသိစိတ်
ဘာကြောင့် အခုထိ
မိုက်မဲနေရတာလဲ
ကြင်နာတတ်တဲ့စကားလုံးတွေက
ဟန်ဆောင်ခြင်းရဲ့ပြယုဂ်
ချိုသာလွန်းတဲ့ အပြုံးတွေက
လိမ်ညာခြင်းရဲ့ပြယုဂ်
ဒါပေမယ့်
ယုံကြည်ပေးတဲ့စကားလုံးတွေက
ငါ့အချစ်ရဲ့ပြယုဂ်
မက်မောခဲ့တဲ့အပြုံးတွေက
ငါ့အချစ်ရဲ့ပြယုဂ်
ဘယ်သူမှမသိလိုက်ပေမယ့်
မနေ့က
မင်းကိုမျှော်ရင်း
ငါတစ်ယောက်တည်း ကမ္ဘာပျက်ခဲ့တယ်..။

အခါလွန်သင်္ကြန်

နွေပိတောက်တို့သည် မိုးစက်များအကြိုထောက်ခေါ်ဆောင်မှုဖြင့်သင်္ကြန်ကာလအတွင်းလောကတခွင်အလှဆင်နေကြပြီ။ ခါသင်္ကြန်ဆိုရင်ဖြင့် ပတ်ဝန်းကျင်တခုလုံး လှုပ်လှုပ်ရှားရှားဖြင့် လူတိုင်းလူတိုင်းပျော်ပျော်ပါးပါးနှစ်သစ်ကိုကြိုဆြို ကသည်။ ငယ်ရွယ်စဉ်ဘ၀တုန်းကတော့ သင်္ကြန်ရောက်တိုင်း ကလေးပီပီ
နို့ဆီခွက်နဲ့ရေပက်ရင်းဆယ်စုနှစ်တစ်ခုစာလောက်ပျော်ပါးခဲ့ဖူးတယ် ။ ဒါပေမယ့်လည်း အရွယ်ရောက်လာတဲ့အခါ ရေထိမိတာနဲ့ ပဲကြီးရေတွန့်တဲ့လက်ရယ် ရေစိုအ၀တ်နဲ့အကြာကြီးနေရတာကိုမကြိုက်တာရယ်ကြောင့်ပဲ သူမသင်္ကြန်နဲ့ဝေးခဲ့ပါသည် ။ သင်္ကြန်ရောက်တိုင်း သနပ်ခါးအဖွေးသားလိမ်းကာ ရေလာလောင်းသမျှ အလောင်းမခံဘဲ ရေမစိုအောင်နေတတ်ခဲ့သည် ။ မမပဲလို့ ပတ်ဝန်းကျင်က သမုတ်ကြမလားပဲ ။

သင်္ကြန်ရောက်တိုင်းသူမတို့အိမ်မှာအမြဲရှိတတ်ခဲ့တာက သူမထက် အသက်နည်းနည်းပိုကြီးတဲ့ အိပ်မက်ညဆက်ရောက်ရောက်လာတတ်တဲ့ ရင်ဘတ်ထဲက တစ်ယောက်သောသူ ။ ရင်ခုန်သံကိုသိနားလည်တယ်ပြောရလောက်အောင်လည်း ရင်ဘတ်ချင်းပွင့်လင်းခဲ့ကြသူတွေမဟုတ်သလို နားမလည်ဘူး ပြောရအောင်လည်း ရင်ဘတ်ချင်းဝေးကွာခဲ့ကြသူတွေမဟုတ်ဘူး ။ မာနလို့ပဲ အမည်တပ်ရမလား လူတိုင်း ကိုယ်ရဲ့တစ်ယောက်သောသူကို မေတ္တာရေလေးလောင်းကြရင်း နှလုံးသားချင်းအပေးအယူမျှတတ်တဲ့သင်္ကြန်မှာ သူမတို့နှစ်ယောက်က အင်းမလှုပ် ၊ အဲမလှုပ် ။ ရေအစိုမခံပါဘူးလို့ ကြေငြာထားတဲ့ သူမကို သူ့ကိုရေပက်မလားလို့ အရိပ်အယောင်ပြစကားတွေကိုလည်းသူမနားမလည်ခဲ့ ။ သင်္ကြန်ရေကိုကိုယ်နဲ့မဆိုင်ဘူးလို့ခံယူထားတဲ့သူပီပီ သူမ သူ့ကိုရေလောင်းဖို့လည်းမကြိုးစားခဲ့မိဘူး ။
လူမသိသူမသိ မာန ကိုယ်စီခံနေတဲ့ သူမတို့နှစ်ယောက်ကြားမှာ မြှားနတ်မောင်လေး ခလောက်ဆန်ဖို့မေ့နေခဲ့သလားပဲ ။

သင်္ကြန်ရက်တွေမှာသူမကတော့ စာလေးဖတ်လိုက် စားလိုက်သောက်လိုက်ဖြင့်တည်ငြိမ်နေတတ်ပေမယ့် သူကတော့ အပြင်လေးထွက်သွားလိုက် ၊ ပြန်လာရင် သူမတို့အိမ်ဘက်ကိုကူးပြီး ဘယ်သူကတော့ သူ့ကိုရေမွှေးလေးထည့်ပြီးရေလောင်းလိုက်တယ် .ဘယ်ဝါကဖြင့်သူ့ကိုသင်္ကြန်ပုတီးလေးလက်ဆောင်ပေးလိုက်တယ်ဆိုပြီး ပြောပြပေမယ့်.... သူမတုပ်တုပ်မျှမလှုပ်ခဲ့တဲ့အပြင် သူ့ကိုပဲ ရေလောင်းတဲ့သူတွေ လက်ဆောင်ပေးတဲ့သူတွေနဲ့ပဲစနေမိခဲ့ပါသည် ။ အမြုံတစ်ယောက်ရဲ့ရင်ဘတ်နောက်ကဝေဒနာကို အမြုံတစ်ယောက်က ဘယ်လိုလုပ်ကုစားပေးနိုင်မှာလဲ..။ လိုချင်တယ်ဆိုရင် ရဲရင့်ခြင်းနဲ့ရှေးတိုးလှမ်းလာပါလား သူ.....။ မခံနိုင်အောင် အပ်ကလေးနဲ့ဆွဆွပေးရင်လည်း မိန်းမသားမာနတွေရင့်သန်နေတဲ့ရင်ဘတ်ကြီးက သွေးစိမ်းရှင်ရှင်ထွက်ရုံပါ ။

မာနတွေနဲ့လွန်ဆွဲရင်း သံစဉ်လွဲတဲ့သီချင်းတစ်ပုဒ်လိုပဲနှလုံးသားချင်းထပ်တူမကျတဲ့သူမတို့တွေ ဘ၀ချင်းခြားခဲ့ကြသည် ။ ကမ္ဘာကြီးရဲ့ရင်ခွင်တစ်ခုတည်းမှာတည်ရှိကြပေမယ့် ဘ၀ကိုယ်စီလျှောက်လှမ်းရင်း ပထမဆုံးပြန်ဆုံဖြစ်တာ လွန်ခဲ့သော ခုနစ်နှစ်က သင်္ကြန်တွင်းမှာ ။ တိုက်ဆိုင်စွာနဲ့ သူ ဟာ သူမတို့ရှိရာသို့ရောက်လာခဲ့သည်။ နဂိုထက်နည်းနည်းလေးရင့်သွားသော်လည်း နဂိုပုံမပျောက်တဲ့သူ နဂိုပုံစံအတိုင်း သွားတက်ကလေးပေါ်အောင်သူမကိုပြုံးပြပါသည် ။ သူရယ် သူမရယ် အပါအ၀င် သူငယ်ချင်းတွေနဲ့ အပြင်ခဏထွက်ရင်း ဟိုဟိုဒီဒီလျှောက်သွားဖြစ်ခဲ့သည် ။ ဒါပေမယ့် သူမတို့ တစ်ယောက်ကိုတစ်ယောက်ရေမလောင်းဖြစ်ခဲ့ကြဘူး ။ အပြုံးတွေကိုယ်စီဆင်ယင်ရင်း....... အမှတ်တမဲ့သူ့မျက်နှာကိုငေးရင်း....သွားတက်လေးတွေနဲ့အ ပြုံးလေးကိုငေးရင်း သူမ ခံစားချက်တွေ မတည်ငြိမ်နိုင်သေးမှန်း.......သိလိုက်ရသည် ။ ချမ်းနေတဲ့သူမကို မျက်နှာသုတ်ပ၀ါလေးကမ်းပေးမလား သူမ မ၀ံမရဲလေးမျှော်လင့်ခဲ့မိသေးသည်

သင်္ကြန်နောက်ပိုင်းမှာလည်း သူမတို့တွေမဆုံဖြစ်ခဲ့ကြပြန်ဘူး ။ သူမရန်ကုန်မှာရှိရင် သူပျောက်လိုက် သူရှိနေရင် သူမနယ်ကိုရောက်လိုက်နဲ့.. ဝေးမှန်းမသိဝေးခဲ့ကြပြန်သည် ။ ဒီလိုနဲ့ပဲ သူနဲ့သူမ အစီစဉ်မရှိဘဲ တစ်ခုသောသင်္ကြန်ရက်ကလေးတစ်ခုမှာ သုံးမိနစ်လောက် တွေ့ဆုံဖို့ဖြစ်လာခဲ့ပါသည် ။ ခဏလေးတွေ့ကြမယ်ဆိုပေမယ့်.......နိဂုံးတစ်ခုလို့ သူထင်မှတ်ခဲ့သလားမသိ..လက်ထဲမှာ လမ်းက၀ယ်လာပုံရတဲ့ရေသန့်ဘူးအသစ် အေးအေးလေးနဲ့..။ တစ်စုံတစ်ခုသော နားလည်မှုနှင့်အတူ သူမ သူ့ကိုမေးလိုက်မိသည်..။

”ဟာ..ရေလောင်းမလို့လား......နည်းနည်းပဲနော်”

သူရဲ့အကြည့်တွေ ၊ ခံစားချက်တွေကိုသူမ မဖတ်မိခင်အချိန်မှာပဲ သူက

”ဘ၀ တလျှောက်လုံး.....”
လို့ပြောပြီး ဆွံ့အနေခဲ့လေသည် ။ နောက်ထပ်စကားမဆက်သင့်တော့တာကိုသူရော သူမပါနားလည်တော့
သူမ သူ့စကားကိုမကြားဟန်ပြုရင်း

”အေးလိုက်တာနော်” လို့ပဲ ဟန်ဆောင်ပြုံးတစ်ခုနဲ့အတူ ပြောလိုက်မိပါသည်။ ပြီးတော့ သူမကလည်း သူ့ကို ရေပြန်လောင်းသည်..။ သူက ”နည်းနည်းပဲနော်” ဆိုပြီး သူမပြောသလိုလိုက်ပြောသည် ။ မျက်နှာမှာအပြုံးကိုယ်စီနဲ့ သူမတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်နားလည်သွားကြသည် ။ အပြုံးတုတွေလည်းအဝေးမှာလွင့်စင်လို့....။ အပြုံးအစစ်ခံစားချက်အစစ်လားဆိုပြန်တော့လည်း မဟုတ်တော့ပြန်.....။အတိတ်တစ်နေရာမှာ လေးနက်ခဲ့တယ်ဆိုပေမယ့်လည်း အပေါ်ယံအရေပြားခံစားချက်ကို ဟိရီဩတ္တပ္ပတရားတွေနဲ့ သူမတို့ထိန်းသိမ်းနိုင်ခဲ့ကြပြီ ။ မဆိုင်တော့ပြီးတဲ့နောက်မှာ မဆိုင်သလိုဘဲနေလိုက်ကြတာ နှစ်ဦးနှစ်ဘက်အတွက်အကောင်းဆုံးသောနိဂုံးမဟုတ်ဘူးလား ။ သူမရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အတွက် ကိုယ့်ကိုယ်ကိုကျေနပ်မိပါသည် ။ ဒါပေမယ့် မစည်းနိုင်သေးတဲ့အခါလွန်မိုးအတွက် သူမစောင့်ရပေဦးမည် ။ သူကတော့ဘယ်လိုရှိနေမလဲ သူမမသိနိုင်ပေမယ့် ဖြစ်ပျက်သဘောတရားတွေကိုဆင်ခြင်ရင်း သူ့ရင်ထဲကအခါလွန်မိုးလည်းစဲသွားပါလိမ့်မယ် ။ ဘ၀တစ်လျောက်လုံးသူမခံစားခဲ့ရခြင်းကို သုံးမိနစ်တာတွေ့ဆုံခြင်းက ဖြေဖျောက်ပေးနိုင်ပါသည်။ ပေါ့ပါးလွတ်လပ်သောနှလုံးသားတစ်စုံနဲ့သူမ ပျော်တယ်ဆိုပေမယ့် အပျော်စစ်မစစ် မဆန်းစစ်ချင်တော့ပါဘူး ။ မငိုချင်ဘဲ ကျကျနေတဲ့မျက်ရည်တွေကို သူမတစ်နေ့ဥပက္ခာပြုနိုင်သွားမှာပါ ။ ။

ရှောင်ဖယ်ထွက်သွားမှာလား

အတောင်မပါဘဲ ပျံသန်းခဲ့တဲ့ငါ့ကောင်းကင်
နွေအလယ်မှာကြယ်ကြွေခါမှ နောင်တတွေတပွေ့တပိုက်နဲ့
ရှာဖွေလေလေ မတွေ့လေလေတဲ့ မေတ္တာတရား
သံယောဇဉ်ယောင်ယောင်ဂစ်တာသံစဉ်တွေက
တနေ့ထက်တနေ့ ချောက်ခြားစရာကောင်းလာတယ်....
မငိုတတ်ခဲ့တာကြာပြီပေါ့
ချို ၊ ချဉ် ၊ ခါး အရသာမရှိတဲ့ဘ၀မှာ
အပေါ်ယံသာယာမှုကိုအဟုတ်ကြီးထင်ချင်ယောင်ဆောင်ရင်း
ပျော်ဝင်ချင်ယောင်ဆောင်ရင်း
တဖြိုးဖြိုးတဖြောက်ဖြောက် ဆီးနှင်းပေါက်တွေကျတဲ့ညနက်နက်ကိုလွမ်းတယ်
ခိုလှုံဖို့ရင်ခွင်လိုအပ်သလား
မလိုအပ်ပါဘူးကွယ်... ဒီဘ၀ ဒီအနေအထားက နေသားကျပြီးသားပါ
စိတ်ညစ်ရင်သီချင်းဆို ငိုချင်ရင်ဂစ်တာတီး
ဟိုးအဝေးမှာလည်း ငါ့ပက်အက်ကြားပြင်ပမှာ စိမ်းလည်းစိုပြည်နေတယ်
အလွမ်းလား
ရိုမီယိုဂျူးလိယက်လောက်ဝမ်းနည်းစရာမကောင်းပေမယ့်
ငါ့အထ္တုပတ္တိတစ်ချို့မှာလည်း ငါဟာမိန်းအတ်တာတစ်ယောက်ပေါ့ 
ငါလည်းလွမ်းတတ်ဆွေးတတ်ခံစားတတ်ပါတယ်...။
အောင့်သက်သက်ခံစားချက်တချို့နဲ့ မနေ့က ငါငိုနေတာ ဘယ်သူမှမသိဘူးကွယ်
ခြောက်သွေ့မှုတွေအတွက် ကောက်ရိုးမျှင်ကိုဆွဲချင်တာ စိတ်ထွက်ပေါက်ပါလို့
ခပ်အက်အက်ပြောလိုက်ရင်.......
ရှောင်
ဖယ်
ထွက်
သွား
မှာ
လား..........။
ရုပ်ရှင်ဇာတ်လမ်မဟုတ်ပေမယ့်
ငါကတော့  မင်းသမီးမဖြစ်ရရင် သိက္ခာရှိတဲ့ဗီလိန်ပဲဖြစ်ချင်ခဲ့တယ်။
နွေလယ်ညတွေက ခပ်ခြောက်ခြောက်လေးပေမယ့် အထီးမကျန်ပါဘူး
သီချင်းတစ်ပုဒ် နဲ့ ရင်ဘတ်တစ်ခုစာခံစားချက်နဲ့ ငါ့ကိုယ်ငါကုန်ဆုံးပစ်မယ်
တို့တွေ.........ဝေးနေတာပဲကောင်းပါတယ်လေ.........။ ။

ကြင်တော်မူ


လေပြည်သွေ့တဲ့ညနေခင်း ကြယ်စင်အလင်းတွေနဲ့
တိုးတိတ်လင်းဖြာသွားတဲ့ရောင်စဉ်
ဒီလိုညမျိုးကလည်းသာယာတတ်ပါတယ်

တိုးတိုးသက်သက်နူးညံ့ခြင်းယုယုယယညင်သာခြင်း
ကြင်နာစွာနဲ့ရေစီးအတိုင်းခံစားလိုက်မယ်
အသက်ရှုတိုင်းပန်းပွင့်စေ

လက်ခတ်သံညှင်းဖွဖွ....သင်းပျပျညနေခင်းမှာ
ခါးသက်သက် ရင်ခွင်တစ်စုံအား
တူရိယာဂီတလက်နဲ့ညှို့ယူဖမ်းစားတတ်တယ်

ရီဝေသင်းပျံ့မျက်နက်ဝန်းချင်း နူးညံ့ညင်သာခံစားချက်ချင်း
သိမ်မွေ့နူးညံ့ရင်ခုန်သံချင်း ပင့်သက်ရှိုက်ဖိုတွယ်တာမှုချင်း
တိုးတိတ်စွာညီမျှသွားတယ်ဆိုပေမယ့်

သင်းပျံ့မွှေးတဲ့နှင်းဆီ နမ်းရှိုက်ရန်ခက်တယ်ဆိုရင်
ရင်ခွင်ဦးကိုထိုးစိုက်
ညင်သာစွာ ဦးခိုက်လှည့်မယ်လေ ။ ။

ဖြစ်နိုင်ခဲ့မယ်ဆိုရင်

 ဖြစ်နိုင်ခဲ့မယ်ဆိုရင်
မင်းရဲ့အနီးဆုံးမှာပဲနေချင်ခဲ့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
ရင်ထဲကခံစားချက်တွေကိုအပွင့်လင်းဆုံးမြင်စေချင်ခဲ့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
မင်းရဲ့အတွေးထဲမှာအမြဲရှိနေစေချင်ခဲ့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
မင်းကိုယ့်ကိုနားလည်စေချင်ခဲ့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
မင်းမပါဘဲဘယ်လမ်းကိုမှမသွားချင်ခဲ့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
သံတူကြောင်းကွဲ ငြင်းခုန်ရန်ဖြစ်မှုတွေကိုမလိုလားခဲ့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
သဘောပဲလေဆိုတဲ့ အလျော့ပေးစကားထက် နားလည်မှုကိုလိုချင်ခဲ့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
မအားလပ်မှုတွေကြားက ရှိသမျှအချိန်ကိုမင်းကိုပေးချင်ခဲ့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
မင်းမပြောပြချင်တဲ့အကြောင်းအရာတွေကိုနားလည်ပြီးမင်းကိုစိတ်မဆိုးချင်တော့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
မင်းကို ကိုယ်ဘယ်လောက်ချစ်လဲဆိုတာ သိစေချင်ခဲ့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
မင်းမျက်နှာကသောကအရေးအကြောင်းတွေပြေပျောက်စေချင်ခဲ့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
နည်းနည်းပေါတယ်.....လို့ထင်ရပေမယ့် လေးနက်တဲ့ခံစားချက်တွေရှိမှန်းမင်းသိစေချင်ခဲ့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
မင်းရဲ့အပြုံးနဲ့တိုးတိတ်ညင်သာတဲ့စကားသံတွေကိုပဲကြားနေချင်ခဲ့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
မင်းကိုအလုံးစုံနားလည်သောသူဖြစ်ချင်ခဲ့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
မင်းမသိတဲ့ထောင့်တစ်နေရာမှာငိုကြွေးတဲ့အကျင့်ကိုဖျောက်ချင်ခဲ့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
အထင်လွဲမှုတွေကိုလျော့ချချင်ခဲ့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
မင်းရဲ့တစ်ဦးတည်းသောသူဖြစ်ချင်ခဲ့တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
ကိုယ်အရမ်းတိတ်ဆိတ်နေတိုင်း မင်းကိုလွမ်းနေမှန်းသိစေချင်တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
မင်းကိုယ့်ကိုအမြဲတမ်းမပြောင်းမလဲချစ်စေချင်တာပါ
ဖြစ်နိုင်ခဲ့မယ်ဆိုရင်
အခုကိုယ်မင်းကိုဘယ်လောက်လွမ်းနေမှန်း မင်းသိအောင်ပြောလိုက်ချင်တာပါ..

မနက်ဖြန်မှမက်မယ့်အိပ်မက်မှာ


လင်းအားနည်းညလွှာထုကြီးရဲ့ အနားစကိုခွာကြည့်လိုက်တဲ့အချိန်

မိုးတိုးမတ်တပ်ခံစားချက်တွေက ရင်ဘတ်ကိုဆောင့်တတ်

ပင့်သက်တို့ခိုးရှိုက်နေကျ နွေးထွေးတဲ့ရင်ဘတ်တစ်စုံကိုလွမ်းတယ်


ဖွဲ့နှောင်တွယ်တာမိတဲ့သံယောဇဉ်မှာမြူတစ်မှုန်စာအပြစ်က လေးမှမရှိ

ညှင်းသက်သာယာတဲ့ နှုတ်ခမ်းသားနုနုမှာ ဆင်ယင်စရာအဆင်းအကျင်းမရှိ

ကြင်နာတတ်တဲ့စိတ်နဲ့ပဲ အမြဲထာဝရယဉ်ပါးခဲ့တယ်


ရာသီဥတုအလွန် အခါမသင့်တဲ့နေ့ညတွေဆို ရေတွက်စရာအလွမ်းတစ်ခုနဲ့

ပင်လယ်ကြီးလည်းခြောက်သွေ့ကန္တာရမှာမိုးတွေရွာလို့ 

အနီးဆုံးက မနီးစပ်ခြင်းအတွက် ညနက်နက်ရဲ့ရင်ခွင်ကိုတိုးဝင် ငိုပွဲတွေဆင်တယ်

မနက်ဖြန်မှမက်မယ့်အိပ်မက်မှာ ကိုယ်သာခေါင်းဆောင်မင်းသမီးဖြစ်ပါရစေ ။ ။

စာသားမပါတဲ့ ဒိုရေမီဖာ

မနေ့ကရဲ့မနက်ခင်းကသာယာတယ်
မိုးစက်တချို့ကျတယ်
အလွမ်းတချို့ကခါးပေမယ့်
မနေ့ကရဲ့မနက်ခင်းကသာယာတယ်

စကားလုံးတစွန်းတစ
ထုဆစ်မှုအနုပညာ
ရောင်စဉ်ဖြာတဲ့သံယောဇဉ်ဟာ
စာသားမပါတဲ့ ဒိုရေမီဖာ

မျက်ဝန်းတစ်စုံကကြည်လဲ့နေတယ်
နှုတ်ခမ်းတစ်စုံကညင်သာနေတယ်
ဘယ်ဖက်ရင်အုံက ညှင်းညှင်းသဲ့သဲ့
ဝင်သက်တိုင်းလည်း နူးနူးညံ့ညံ့

နိုးတစ်ဝက်အိပ်မက်တွေက မှုန်ဝါးဝါး
မျှော်လင့်ခြင်းနဲ့နိုးထလာမယ့်မနက်ဖြန်တိုင်းဟာ
ရေတွက်မကုန်တဲ့အိပ်မက်တွေနဲ့
မြဲမြဲတွဲမယ့်လက်တစ်စုံပဲလိုတယ် ။